အစိုးရငါးနှစ်သက်တမ်းအတွင်း ချင်းပြည်နယ်တွင်တက္ကသိုလ်တည်ဆောက်ရန် မသေချာ

အစိုးရငါးနှစ်သက်တမ်းအတွင်း ချင်းပြည်နယ်တွင်တက္ကသိုလ်တည်ဆောက်ရန် မသေချာ
by -
Salai Hong Tun Gei

ချင်းပြည်နယ်အစိုးရ၏ငါးနှစ်သက်တမ်းအတွင်း  တက္ကသိုလ်တည်ဆောက်ရေး  မသေချာကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဘမောင် ကပြောသည်။

ဒေါက်တာဘမောင်က “ ပြည်နယ်အစိုးရသက်တမ်းငါးနှစ်အတွင်းဖြစ်မြောက်ဖို့တော့ပြောလို့မရဘူး” ဟုပြောသည်။

သို့သော် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် တက္ကသိုလ်ဗဟိုကော်မတီများဖွဲ့စည်းလျှက်ရှိပြီး ယင်းအမျိုးသားပညာရေး ဥပဒေမူကြမ်း အတည်ပြုပြီး ပါကချင်းပြည်နယ်တွင် တက္ကသိုလ်ရှိလာနိုင်သည် ဟု  ဒေါက်တာဘမောင်ကဆိုသည်။

၄င်းက “မူကြမ်းမှာတွေ့တာတော့ ချင်းပြည်နယ်မှာလည်း တက္ကသိုလ်ကောင်စီဆိုတာရှိတယ်။ ဖြစ်လာနိုင်တာကတော့ ဟားခါးမြို့ကနည်းပညာကောလိပ်ကို နည်းပညာတက္ကသိုလ် လိုမျိုးဖြစ်လာနိုင်တာ ပေါ့နော်။ ဥပဒေကတော့ မပြီးသေးဘူး။ အဲဒီဟာပြီးလာရင်တော့ ချင်းပြည်နယ်မှာလည်း တက္ကသိုလ်ရှိလာ နိုင်တာပေါ့” ဟုပြောသည်။

တက္ကသိုလ်ထားရှိနိုင်ရေးနှင့်ပတ်သက်ပြီး အဓိကပြသနာမှာ တက်ရောက်မည့် ကျောင်းသူ ကျောင်းသား မရှိမည့်ပြသနာဖြစ်ကြောင်း၊ လူမှုရေးဝန်ကြီးကဆိုသည်။

၄င်းက “ အဓိကတော့ ဘယ်နေရာဆောက်ဆောက် တက်ရောက်မဲ့သူရှိမရှိ ကအဓိကဖြစ်နေတယ်။ လွှတ်တော်အမတ်တွေလည်းတင်နေတာပဲ။ ဒါပေမယ့် ဒီကိစ္စမှာပဲဆုံးဆုံးသွားတယ်။ ပြီးတော့ ဒီဟာက ဗဟိုအစိုးရနဲ့ တိုက်ရိုက်သက်ဆိုင်တာဆိုတော့ ဗဟိုကငွေပေးဖို့လည်းလိုတာကိုး။ ကျောင်းသူကျောင်း သားများဖို့ရှိဖို့ဆိုရင် တနိုင်ငံလုံးနဲ ့ဆိုင်တဲ့ဆေးတက္ကသိုလ်လိုမျိုး၊ ဒါမှမဟုတ် မြန်မာနိုင်ငံမှာမရှိတဲ့ မေဂျာလိုမျိုးကို သင်ရတဲ့တက္ကသိုလ်ဖြစ်မှရမယ်” ဟုပြောသည်။

သို.သော်ချင်းပြည်နယ်အစိုးရအသိအမှတ်ပြုတက္ကသိုလ်ရရှိရေးလှုပ်ရှားသူဦး  Jacob Thang ကမူပြည်နယ်တွင် တက္ကသိုလ်မရှိခြင်းကြောင့် ကျောင်းသူ  ကျောင်းသားများအနေဖြင့်များစွာနစ်နာကြောင်း၊ လူသားအရင်း အမြစ်များစွာဆုံးရှံုးရကြောင်းဆိုသည်။

 “ ကိုယ့်ပြည်နယ်မှာမတက်ရပဲ အဝေးမှာသွားတက်ရတော့ ငွေကြေးကုန်ကျများတော့ ဆယ်တန်းအောင် တဲ့သူတိုင်းမတက်နိုင်ဘူး။ အဝေးမှာသွားတက်ရတော့ အကျင့်စာရိတ္တပိုင်းမှာလည်းအတော်များများ ပျက်ယွင်းတာမျိုးအကျိုးဆက်တွေဖြစ်လာတယ်” ဟု၄င်းကပြောသည်။

မြန်မာနိုင်ငံတွင် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး (၇) ခုနှင့်ပြည်နယ် (၇) ခုတွင် ချင်းပြည်နယ် တစ်ခုတည်းသာ တက္ကသိုလ်မရှိသည့် ပြည်နယ်ဖြစ်သည်။