ကယားပြည်နယ်အတွင်း အရပ်ဖက် လူ့အဖွဲ့အစည်းများ ချိတ်ဆက်နိုင်ရေး ဖိုရမ် ပြုလုပ်

ကယားပြည်နယ်အတွင်း အရပ်ဖက် လူ့အဖွဲ့အစည်းများ ချိတ်ဆက်နိုင်ရေး ဖိုရမ် ပြုလုပ်
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်တွင် အရပ်ဘက် လူ့အဖွဲ့အစည်းများအချင်းချင်း ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် “အရပ်ဘက်လူ့အဖွဲ့အစည်းများ ၏ အခန်းကဏ္ဍ မြင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ပြည်နယ် အတွင်းရှိ အရပ်ဘက် လူမှုအဖွဲ့စည်းများနှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီစဉ် UNDP တို့ပူးပေါင်း၍ ပထမဆုံးအကြိမ် ဖိုရမ်တစ်ခုကို လွိုင်ကော်မြို့၊ မြို့တော်ခန်းမတွင် သြဂုတ် လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည်။

ကရင်နီပြည်လူငယ်များသမဂ္ဂ ဗဟိုကော်မတီဝင် ကိုကျော်ထင်အောင်က ̏ ကျနော်တို့ ပြည်နယ်မှာရှိနေတဲ့ CSO တွေရဲ့ကွန်ယက် ချိတ်ဆက်မှုတွေမှာ သီးခြားစီရှိနေတဲ့ အနေထားတွေ၊ သီးသန့်စီ လုပ်ကိုင်ဆောင်ရွက် နေတာတွေ မတူတဲ့အတွက် ထိတွေ့မှု အားနည်းနေတာတွေကို ကျော်လွှားဖို့ အတွက်ရယ်၊ ကျနော်တို့ အရပ်ဖက်အဖွဲ့စည်း မြင့်တင်ဖို့ အတွက်ရယ်ကို ဒီဖိုရမ်ကို ပြုလုပ်တာပါ״ ဟုပြောသည်။

poram-roks

၎င်းဖိုရမ်သို့ အစိုးရဌာန ဆိုင်ရာ(၁၁)ခုမှ တာဝန်ရှိသူများနှင့် အရပ်ဘက် လူမှုအဖွဲ့စည်းပေါင်း(၇၀)မှ ကိုယ်စား လှယ်များ စုစုပေါင်း (၁၅၆)ဦးပါဝင်ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။

၎င်း သုံးရက်တာ ဆွေးနွေးပွဲတွင် အမျိုးသမီးနှင့်ကလေးများ အခန်းကဏ္ဍ၊ ဖွံ့ဖြိုးရေးနှင့် စီမံကိန်း အခန်းကဏ္ဍ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်၊ လယ်ယာမြေဆိုင်ရာ ဥပဒေ အခန်း ကဏ္ဍ ၊တရားဥပဒေစိုးမိုးရေး အခန်း ကဏ္ဍ ၊ မူးယစ်ဆေးဝါး အခြေအနေ စသည့် ခေါင်းစဉ်ခြောက်ခုအပေါ် အခြေခံ၍ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

LAW HOME မှ ရှေ့နေ ကိုကျော်ဝဏ္ဏက ̏ ကျနော်တို့ CBO၊ CSO တွေပထမဦးဆုံး တရားဝင်လုပ်လို့ ရတဲ့ပွဲလေးပေါ့ ကျေနပ် အားရပါတယ်။ ကျနော်တို့ CSO တွေမကြာခဏ တွေ့ဆုံတာတော့ ရှိပေမယ့် အခုလိုပွဲလေးလုပ်တော့ ပိုပေါ် လွင်လာတာပေါ့״ ဟုပြောသည်။

တက်ရောက်လာသော ကိုယ်စားလှယ်များ၏ အပြန်အလှန် ဆွေးနွေးချက်များမှ ရရှိလာသော တောင်းဆိုချက် များကို အစိုးရတာဝန်ရှိသူများ၊ ပြည်နယ်အစိုးရရုံးများ သို့ပေးပို့ တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။