မြို့နယ်လေးမြို့နယ်တွင် ငြိမ်း၊စု၊ စီ ပုဒ်မ-၁၈ ငါးမှုဖြင့် တရားရင်ဆိုင်နေရသည့် မိကျောင်းကန် သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်း၏အမှုတွင် အမျိုးတူပြစ်မှုများကို တစ်ပေါင်းတည်း အမိန့်ချပေးရန် တင်ပြ ကြိုးပမ်းထားပြီဖြစ်ကြောင်း ဦးစိန်သန်း၏ အကျိုးတော်ဆောင်ရှေ့နေ ဦးအောင်စိုးထွန်းက မဇ္ဈိမကို ပြောသည်။
“ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၃၄ အရ တစ်နှစ်တည်းတွင် အမျိုးတူပြစ်မှုများကို တစ်ပေါင်းတည်းစွဲပြီး စွဲချက်တင်နိုင်ရန် ဥပဒေရှိတယ်။ အဲဒီဥပဒေရှိတဲ့အတွက် တစ်ပေါင်းတည်းကို အမိန့်တစ်ခုတည်းချဖို့ ကြိုးစားနေတယ််”ဟု ပြောသည်။
မိကျောင်းကန် သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်းကို ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၈ ဖြင့် လသာမြို့နယ်တရားရုံးမှ သြဂုတ်လ ၁၉ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်လေးလ၊ သြဂုတ် ၂၀ ရက်တွင် ဗဟန်းမြို့နယ် တရားရုံးမှ ထောင်ဒဏ် လေးလ အမိန့်ချမှတ်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် ကျောက်တံတားမြို့နယ်တရားရုံးတွင် ပုဒ်မ-၁၈ ဖြင့်နှစ်မှုနှင့် ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် ပုဒ်မ-၁၈ဖြင့် တစ်မှု၊ လသာစည်ပင်တရားရုံးတွင် စည်ပင်ဥပဒေ ပုဒ်မ-၆၈ ဖြင့် တစ်မှု တရားရင်ဆိုင်နေရသည်။
သြဂုတ်လ ၂၁ ရက်တွင် ကျောက်တံတားမြို့နယ်တရားရုံးက မိကျောင်းကန် သပိတ်စခန်းဖွင့်လှစ်သည့်အတွက် ပုဒ်မ-၁၈ ဖြင့် တရားစွဲဆိုထားသည့်အပေါ် ကြားနာစစ်ဆေးခဲ့ရာတွင် လျှောက်လဲချက်တင်ပြခဲ့သည်။ အဆိုပါအမှုကို သြဂုတ်လ ၂၉ ရက်တွင် ထပ်မံကြားနာမည်ဖြစ်ပြီး အဆိုပါအမှုကို အမိန့်ချမှတ်နိုင်ဖွယ်ရှိ သည်ဟုလည်း ဦးစိန်သန်း၏ အကျိုးတော်ဆောင် ရှေ့နေကဆိုသည်။
“တစ်နှစ်ထဲမှာ ဖြစ်တဲ့အမှုတွေ တစ်ပေါင်းတည်းချဖို့ ရှေ့နေအကျိုးတော်ဆောင်က တင်ပြတယ်”ဟု ပြောသည်။
မေလ ၂၁ ရက်က လသာမြို့နယ် စည်ပင်တရားရုံးသို့ ရုံးချိန်းသွားရောက်စဉ် ဆန္ဒပြခဲ့သည့်အတွက် သြဂုတ်လ ၂၁ ရက်က ကျောက်တံတားမြို့နယ်ရဲစခန်းမှ တရားလိုပြုကာ ငြိမ်း၊ စု၊ စီ ပုဒ်မ-၁၈ ဖြင့် ထပ်မံ တရားစွဲဆိုလိုက်ကြောင်း ဦးစိန်သန်းနှင့် ၎င်း၏အကျိုးတော်ဆောင်ရှေ့နေထံမှ သိရသည်။ ထိုအမှု အပါအဝင် ဦးစိန်သန်းအား ပုဒ်မ-၁၈ဖြင့် အမှု ငါးမှုတရားစွဲဆိုထားခြင်းဖြစ်သည်။ ထိုထဲမှ နှစ်မှုမှာ ပြစ်ဒဏ်ချမှတ်ပြီးဖြစ်သည်။
ကျောက်တံတားမြို့နယ် ရန်ကုန်တိုင်း တရားလွှတ်တော်ရှေ့နှင့် မဟာဗန္ဓုလပန်းခြံဘေးတွင် တဲထိုးသပိတ်စခန်း ဖွင့်လှစ်ခြင်းကြောင့် သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်းကို စည်ပင်ဥပဒေ ပုဒ်မ ၆၈ ဖြင့် တရားစွဲဆိုခံထားရပြီး လသာမြို့နယ်စည်ပင်တရားရုံးသို့ ရုံးချိန်းမတိုင်မီသုံးရက်အလို မေလ ၁၉ ရက်တွင် ၎င်းအား ဖမ်းဝရမ်းထုတ်ခဲ့သည့်အတွက် မေ ၂၁ ရက် ရုံးချိန်းသို့ သွားရောက်ရာတွင် ၎င်းနှင့် အတူသပိတ်စခန်းမှ လူအင်အား ၈၀ ခန့်က တူညီဝတ်စုံဝတ်ဆင်ကာ ခွင့်ပြုချက်မယူဘဲ ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် လသာမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူများက တရားလိုပြု၍ ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၈ ဖြင့် သြဂုတ်လ ၁၉ရက်က လသာမြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင် ထောင်ဒဏ်် လေးလ အမိန်ချခဲ့ပြီးဖြစ်သည်။
ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်း တရားလွှတ်တော်ရှေ့နှင့် မဟာဗန္ဓုလပန်းခြံဘေးတွင် သပိတ်စခန်း ဖွင့်ထားသည့် မိကျောင်းကန်မှ ပြည်သူများသည် ဧပြီ ၅ ရက်က ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့တွင် မြေသိမ်းခံရခြင်းနှင့်ပတ်သက်ပြီး အကူအညီတောင်းခံရန် သွားရောက်ခဲ့သဖြင့် ငြိမ်း၊ စု၊ စီ ပုဒ်မ-၁၈ဖြင့် သြ ဂုတ်လ ၂၀ ရက်က ဗဟန်းမြို့နယ်တရားရုံးက ထောင်ဒဏ် လေးလ အမိန့်ချထားသည်။