မွန်ပြည်နယ်အစိုးရ ဘတ်ဂျက်သန်းတစ်ထောင်ကွာဟချက် ဖြေရှင်းပေးသင့်

မွန်ပြည်နယ်အစိုးရ ဘတ်ဂျက်သန်းတစ်ထောင်ကွာဟချက် ဖြေရှင်းပေးသင့်
by -
မွန်အေဂျင်စီ

မွန်ပြည်နယ် အစိုးရ၏ ၂၀၁၄-၁၅ အသုံးစရိတ်၌ အသုံးစရိတ် ကျပ်သန်းတစ်ထောင် ကွဲလွဲနေသည်ကို ပြည်နယ် အစိုးရ အနေဖြင့်တရားဝင် ဖြေရှင်းပေးသင့်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဥပဒေများ အကောင်အထည်ဖော်မှု လေ့လာ သုံးသပ်ရေး ကော်မီတီ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

“ပြည်နယ်အစိုးရက ပါးစပ်နဲ့ပဲ ဘယ်နေရာမှာ ဘယ်လောက် သုံးတယ် ဆိုတာကိုပဲ ပြောနေတာ၊ ကျနော်တို့က ဘယ်ကဏ္ဍမှာ ဘယ်လောက်သုံးထားတယ် ဆိုတာကို စာရင်းဇယားနဲ့ တရားဝင် ဖြေရှင်း ပေးဖို့ စာပို့ပြီး တောင်းဆို ထားတာပါ၊ တရားဝင် ဖြေရှင်း ပေးသင့်ပါတယ်” ဟု ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

မွန်ပြည်နယ်အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအစိုးရက ဘတ်ဂျက်ကျပ်ငွေသန်း ၃၅၅၀၃ ဒသမ ၁၈၄ သန်းကို ချထားပေးခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း မွန်ပြည်နယ် ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေ ဇယား (၃) ထောက်ပံ့ငွေဆိုရာတွင် ပြည်ထောင်စု အစိုးရမှ ကျပ်သန်းပေါင်း ၃၄၅၀၃ ဒသမ ၁၈၄ ဟုသာ ဖော်ပြထားသဖြင့် ငွေကျပ်သန်း တစ်ထောင်တိတိ ကွဲလွဲနေခဲ့ခြင်း ဖြစ်သည်။

အဆိုပါကွဲလွဲမှုအား ဆင်းရဲ နွမ်းပါးမှုလျော့ချရေး ထောက်ပံ့ငွေပေးခဲ့ရာတွင် အသုံးပြု ထားကြောင်းလည်း အစောပိုင်း၌ ပြည်နယ် အစိုးရအဖွဲ့မှ နှုတ်ဖြင့် သတင်းမီဒီယာ များကို ရှင်းလင်း ပြောကြားခဲ့ခြင်းများ ရှိခဲ့သည်။

သို့ရာတွင် ပြည်ထောင်စု ဘတ်ဂျက် ဥပဒေနှင့် ပြည်နယ် ဘတ်ဂျက် ဥပဒေ တို့၌ ထို့သို့ ဆင်းရဲ နွမ်းပါးမှုလျော့ချရေး ထောက်ပံ့ စရိတ်နှင့် ပြည်နယ် အစိုးရ အသုံးစရိတ်အား တပေါင်းတည်း အသုံးပြုရန် ပြဌာန်း ထားခြင်း မရှိကြောင်းနှင့် ထိုသို့ အသုံးပြု ခဲ့ခြင်းမှာ ဘတ်ဂျက် ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

ထိုကဲ့သို့ကွဲလွဲမှုကို တရားဝင် ဖြေရှင်း ပေးရန် ပြီးခဲ့သည့် ဇူလိုင်လကုန်တွင် ပြည်နယ် ဝန်ကြီးချုပ်ထံ လိပ်မူ၍ မွန်ပြည်နယ် လွှတ်တော် အဆို၊ အမေး ဥပဒေများ အကောင်အထည် ဖော်မှု လေ့လာ သုံးသပ်ရေး ကော်မီတီမှ တရားဝင် စာပို့၍ တောင်းဆို ခဲ့သော်လည်း ယနေ့ အထိ ဖြေရှင်း ပေးခဲ့ခြင်း မရှိသေးကြောင်း ဆိုသည်။

“ကျွန်တော် ဝန်ကြီးတွေ ရှေ့မှာရော မီဒီယာတွေ ရှေ့မှာရော ပြောပါတယ်၊ ကျွန်တော်တို့ အခု သုံးနေတာက ပြည်သူ တွေရဲ့ ငွေတွေပါ၊ ပြည်သူ့ ငွေတွေကို ဘယ်နေရာမှာ ဘယ်လို သုံးစွဲထားသလဲဆိုတာ ပွင့်လင်းမြင်သာမှု ရှိရှိ ပြသနိုင်ဖို့လိုအပ်ပါတယ်။ ဒီလို မပြနိုင်ရင် ခဲ့ဘူးဆိုရင် ကျွှန်တော်တို့ အစိုးရ အဖွဲ့ဟာလည်း တရားမျှတမှု ရှိတဲ့ အစိုးရအဖွဲ့ မဖြစ်နိုင်ပါဘူး” ဟု ဒေါက်တာ အောင်နိုင်ဦးက ဆိုသည်။

ထိုသို့ ဘတ်ဂျက်အသုံးစရိတ်ကွာခြား နေမှုကို မွန်ပြည်နယ် ဘဏ္ဍာရေး ဝန်ကြီး ဦးခင်မောင်သွင်အား ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ဖြေကြား ပေးခဲ့ခြင်း မရှိခဲ့ပေ။

တဖန် အခြားပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီး များထံ ဆက်သွယ် မေးမြန်းခဲ့ရာတွင် ဘဏ္ဍာရေး ဝန်ကြီးသာလျှင် ဤကိစ္စရပ်အား ဖြေကြားနိုင်သဖြင့် မိမိတို့ အနေဖြင့် မဖြေကြားပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

မွန်ပြည်နယ်၏ ၂၀၁၃-၂၀၁၄ ယခင်ဘဏ္ဍရေး နှစ်၌ အလားတူ ဘတ်ဂျက်ကွာဟမှု မရှိခဲ့ပေ။

Most read this week