ပုဒ်မ ၁၈ ဖြင့် အမှုရင်ဆိုင်နေရသည့် သမ္မတကို အသံတိတ်ဆန္ဒပြခဲ့သည့် သတင်းထောက်များအမှု စုံစမ်းထောက်လှမ်းမှုကို ခေတ္တရပ်ဆိုင်း (စုံထောက်မှုဆိုင်း) ထားသည်ဟု ကမာရွတ်မြို့နယ်မှူး ရဲမှူးဇော်ဝင်းက မဇ္စျိမကို ပြောသည်။
သတင်းထောက်များကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် စုံစမ်းထောက်လှမ်းမှုများကို ခေတ္တရပ်ဆိုင်းထားမည်ဟု သြဂုတ်၂၁ရက်တွင် ဥပဒေရုံးသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ကမာရွတ်မြို့နယ်မှူး ရဲမှူးဇော်ဝင်းက "မိကျောင်းကန်က လူတွေနဲ့ အရပ်သားတွေနဲ့လည်း ရောထွေးနေတယ်။ ဘယ်သတင်းထောက်က သတင်းလာယူသလဲ၊ ဆန္ဒပြခဲ့လဲဆိုတာ ရောထွေးနေတယ်။ သတင်းဌာနတွေကို ဝင်မေးမြန်းစုံစမ်းရင်လဲ သတင်းမီဒီယာတွေနဲ့ ထိပ်တိုက် တွေ့လာနိုင်တာတွေရှိမယ်။ ဒါကြောင့် ရဲလုပ်ထုံးလုပ်နည်းနဲ့အညီ စုံထောက်မှုကို ခေတ္တရပ်ဆိုင်းထားမှာပါ "ဟုပြောသည်။
ဇူလိုင်လ ၁၂ ရက်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနရှေ့တွင် သမ္မတကို အသံတိတ် ဆန္ဒပြခဲ့သည့် သတင်းထောက်များအနက် အယောက် ၅ဝ ကို ပုဒ်မ၁၈ဖြင့် ကမာရွတ်မြို့နယ် ရဲစခန်းက အမှုဖွင့်ထားခဲ့သည်။ ဆန္ဒပြမှုတွင် မပါဝင်သည့် သတင်းထောက်များ၊ အရပ်သားများ ရောထွေးပါဝင်နေသဖြင့် အမှုကို ခေတ္တရပ်ဆိုင်းထားခြင်းဖြစ်သည်ဟု ရဲမှူးဇော်ဝင်းက ဆိုသည်။