ထိုင်းယာယီနေထိုင်ခွင့်ရှိသူများအား ခရီးသွားလာခွင့်လက်မှတ်ထုတ်ပေးနေဟုဆို

ထိုင်းယာယီနေထိုင်ခွင့်ရှိသူများအား ခရီးသွားလာခွင့်လက်မှတ်ထုတ်ပေးနေဟုဆို
by -
မွန်အေဂျင်စီ

ထိုင်းနိုင်ငံတွင် ထော်ရော် ၃၈/၁ ယာယီနေထိုင်ခွင့်ရရှိပြီးသူ မြန်မာအလုပ်သမားများအတွက် ခရီးသွားလာခွင့်အထောက်အထားလက်မှတ် Travel Document ကို ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အခမဲ့ပြုလုပ်ပေးနေပြီဟု ဆိုသည်။

မြန်မာသံရုံးတွင် မြန်မာနိုင်ငံသားစိစစ်ရန် ကိုယ်ရေးအချက် ၂၇ ချက်ပါရှိသော လျှောက်လွှာပုံစံကိုဖြည့်စွက်ရ မည်ဟု အလုပ်သမားသံအရာရှိ ကိုသန်းနိုင်က ပြောသည်။

သူက “ထိုင်းအစိုးရထုတ်ပေးထားတဲ့ ထော်ရော် ၃၈/၁ က ခရိုင်တစ်ခုနဲ့တစ်ခု သွားလာခွင့်မရှိတဲ့အတွက် မြန်မာပတ်စပို့ သွားလုပ်တဲ့အခါ ခရီးသွားနိုင်ဖို့ ထုတ်ပေးတာပါ၊ ကျနော်တို့ မြန်မာသံရုံးဘက်ကတော့ အခမဲ့ပြုလုပ်ပေးတာဖြစ်တယ်၊ Passport ရှိပြီးသား အလုပ်သမားတွေ လုပ်ဖို့မလိုပါ ”ဟု ဆိုသည်။

မြန်မာသံရုံးကထုတ်ပေးသော အဆိုပါ Travel Document အထောက်အထားလက်မှတ်နှင့် ထိုင်းနိုင်ငံမှ ထုတ်ပေးထားသည့် ယာယီအလုပ်လုပ်ခွင့်လက်မှတ်တို့ကိုယူဆောင်၍ မြန်မာနိုင်ငံတွင် နိုင်ငံကူးလက်မှတ်(ပတ်စပို့) ပြုလုပ်ရမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ကြေညာထားသည်။

မြန်မာအလုပ်သမားအကူအညီပေးနေသူတစ်ဦးက “ ပြီးခဲ့တဲ့လပိုင်းက မြန်မာအလုပ်သမား ၄ သိန်းနီးပါးလောက် ထော်ရော် ၃၈/၁ လုပ်ပေးခဲ့ပြီးပြီ၊ အဲဒီ အလုပ်သမား ၄ သိန်းကို မြန်မာပြည်ပြန်ပြီး ပတ်စပို့လုပ်လို့ရအောင် သံရုံးက အခုလို ခရီးသွားလက်မှတ်ထုတ်ပေး တာဖြစ်တယ်”ဟု ပြောသည်။

သို့ရာတွင် ထိုင်းနိုင်ငံတွင် ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသော အလုပ်သမားများအနေဖြင့် ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်မည်ဟုဆိုသော်လည်း လက်မှတ်တွင်ဖေါ်ပြပါရှိသည့် အလုပ်ရှင်၊ အလုပ်အကိုင်အမျိုးအစားနှင့် အလုပ်ရုံတည်နေရာများ ကွဲလွဲနေပါက ဖမ်းဆီးခံရမည် ဆိုသည်။

ထိုင်းစစ်အစိုးရက ပြီးခဲ့သည့် ဇွန်လမှစတင်၍ ထော်ရော် ၃၈/၁ ခေါ် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်နှင့် ယာယီနေထိုင်ခွင့်လက်မှတ်များ ပြုလုပ်ပေးခဲ့ရာတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမား ရ၅% မပြည့်သေးဟု အလုပ်သမားရေးလှုပ်ရှားသူများက ခန့်မှန်းထားသည်။

၁ နှစ်သက်တမ်းခွင့်ပြုသော ထော်ရော် ၃၈/၁ ယာယီနေထိုင်ခွင့်လက်မှတ်ကို တစ်နေရာတွင်နေချင်းအပြီး One Stop Service စနစ်ဖြင့် ၂၀၁၅ မတ်လအထိ ထိုင်းအစိုးရက ပြုလုပ်ပေးနေမည်ဟု ဆိုသည်။

Most read this week