ကလေးစစ်သား စုဆောင်းဆဲဟု ဗိုလ်ချုပ်ဂွန်မော် ပြော

ကလေးစစ်သား စုဆောင်းဆဲဟု ဗိုလ်ချုပ်ဂွန်မော် ပြော
by -
မဇ္စျိမ

အသက်မပြည့်သေးသည့် ကလေးစစ်သား စုဆောင်းခြင်း မပြုရန် KIA ဗဟိုက ညွှန်ကြားထားသော်လည်း အောက်ခြေတွင် စုဆောင်းမှုများရှိနေဆဲဖြစ်သည်ဟု KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ပြောကြားသည်။

“အသက် မပြည့်သေးသူတွေကို စစ်သားအဖြစ် စုဆောင်းခြင်းမပြုဖို့ အပေါ်က တားမြစ်ထားပေမယ့် အောက်ခြေမှာ အနည်းငယ် ဖောက်ဖျက်မှုတွေရှိသေးတယ်။ ဒါက စစ်တပ်တိုင်းမှာ ရှိပါတယ်။ သိရင် ကျွန်တော်တို့ အရေးယူပါတယ်”ဟု ဗိုလ်ချုပ်ဂွန်မော်က ဆိုသည်။

KIA က ကချင်လူမျိုးတိုင်းသည် မိမိတို့ ၏ ကာကွယ်ရေးတပ်မတော်ဖြစ်သော KIA သို့ ၀င်ရောက်ရမည်ဟု မူဝါဒချမှတ်ထားသည်ဟု ၎င်းက ဆိုသည်။

ကလေးစစ်သား ပပျောက်ရေးအတွက် ပြည်တွင်းစစ်ရပ်တန့်ရေးသည် အဓိကအရေးကြီးသည်ဟု ယူနီဆက်ဖ်(မြန်မာ) က ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂ၏ ကလေးစစ်သားစုဆောင်းခြင်းနှင့် ပတ်သက်သည့် အဖွဲ့အစည်းစာရင်းတွင်လည်း ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ကို ထည့်သွင်းထားဆဲဖြစ်သည်။

ကလေးစစ်သား စုဆောင်းခြင်းနှင့်ပတ်သက်ပြီး ရှမ်းနီလူငယ်များသမဂ္ဂမှ စိုင်းခမ်းလိုင်ခမ်းက “ကျွန်တော်တို့ လေ့လာလို့ရသလောက် ရှမ်းနီတွေ စစ်သားအဖြစ် စုဆောင်းခံရမှု နည်းသွားတာကို တွေ့ရပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

KIA က ရှမ်းနီတိုင်းရင်းသားများ၏ သဘောဆန္ဒမပါဘဲ စစ်သားစုဆောင်းခြင်းများ ရှိခဲ့သည်ဟု ၂၀၁၄ ဧပြီလအတွင်းက ရှမ်းနီတိုင်းရင်းသားများက ပြောကြားခဲ့ပြီး ပြန်လည်လွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်ရန် ကြိုးပမ်းခဲ့ကြသေးသည်။

မြန်မာနိုင်ငံတွင် ကလေးစစ်သား အသုံးပြုမှု ပပျောက်ရေးအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းများက အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ကလေးစစ်သား ၃၀၀ ကျော်ကို အစိုးရစစ်တပ်မှ ထုတ်ပယ်နိုင်ခဲ့သော်လည်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင် လက်နက်ကိုင် တိုင်းရင်းသားများနှင့် အစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုရန် ကျန်ရှိသည့် အချက်များတွင်လည်း တပ်သားစုဆောင်းခြင်းနှင့် ပတ်သက်သည့် အချက်များ ပါ၀င်သည်။

ကရင်အမျိုးသားအစည်းအရုံး KNU ကမူ ၎င်းတို့ အသုံးပြုခဲ့သည့် ကလေးစစ်သားအားလုံးကို တပ်မှ ထုတ်ပယ်ပြီးဖြစ်သည်ဟု သြဂုတ် ၁၃ ရက်တွင် ပြောဆိုထားသည်။

အစိုးရ စစ်တပ်ကမူ ကလေးစစ်သား ၉၁ ဦးကို သြဂုတ် ၁ ရက်က လွှတ်ပေးခဲ့ပြီး စုစုပေါင်း ၃၆၄ ယောက် လွှတ်ပေးပြီးဖြစ်သည်ဟုဆိုကာ ယူနီဆက်ဖ်(မြန်မာ)ကမူ မြန်မာစစ်တပ်တွင် ကလေးစစ်သားများ ကျန်ရှိနေသေးသည်ဟု ဆိုသည်။