သျှမ်းပြည် မြောက်ပိုင်း မူစယ် မြို့၌ အသက် ၆ နှစ်ခွဲ ကလေး ငယ်အား စိတ်ကြွ ဆေးပြား သုံးစွဲ နေသူ တရုတ် အမျိုးသားတစ်ဦးက သတ်ဖြတ်သည့် ဖြစ်ရပ် တခု ဖြစ်ပွား ခဲ့ကြောင်း ဒေသတွင်း သတင်း အရ သိရှိ ရပါသည်။
သြဂတ်စ်လ ၁၆ ရက် ညနေ ၆ နာရီခွဲခန့် ရွှေလီမြစ်တဖက်ကမ်းမှ အမျိုးသမီးတစ်ဦးက အသက် ၆ နှစ်ခွဲ သားငယ်နှင့်အတူ မူစယ်မြို့ စျေးရပ်ကွက်ရှိ တရုတ်အိမ်တစ်အိမ်၌ လာရောက်လောင်းကစားလုပ်ကြောင်း၊ သားဖြစ်သူက အိပ်ငိုက်ရာတွင် အိမ်၏တစ်နေရာ၌သိပ်ပြီး အိပ်စေကြောင်း ကစားဖော်များကပြန်လည် ပြောပြသည်။
စျေးရပ်ကွက်မှ လူငယ် စိုင်းဆိုင် က “ အိမ်ရှင် တရုတ်အမျိုးသားက ယာဘဆေးကြောင်ပြီး အိပ်နေတဲ့ ကလေးငယ်ကို သတ်ဖြတ်တာ။ လည်ပင်း၊ လက်မောင်းတွေမှာ ခုတ်တယ်။ နောက်ဗိုက်ကိုခွဲပြီး အူတွေဆွဲ ထုတ်တာ” ဟု ပြောသည်။
အိမ်ရှင်တရုတ်အမျိုးသားမှာ အသက် ၃၀ ကျော်ရှိ အားချန့် ဖြစ်ကြောင်း၊ အသတ်ခံရသည့် ကလေး ငယ်မှာ တစ်ဦးတည်းသော သားဖြစ်ကြောင်း သိရှိရသည်။
“အိမ်ရှင်အမျိုးသားကိုတော့ အဲဒီညမှာဘဲ ချက်ချင်းဖမ်းထားတယ်။ တာဝန်ရှိရဲတွေ စစ်ဆေး မေး မြန်းပေမဲ့ ကြောင်နေတုန်းဆိုတော့ ဘာမှမသိရသေးဘူး။ ကလေးရဲ့မိဘကတော့ ဥပဒေနဲ့ အညီ အရေးယူပေးဖို့ဘဲ ပြောတယ်။ ဒါပေမဲ့ သူတို့က မြန်မာနိုင်ငံသားလား တရုတ်နိုင်ငံ သားလားဆိုတာ မသိရဘူး” ဟု ဒေသခံ နန်းစံ ကလည်း ပြောပါသည်။
မူစယ်မြို့ရှိ လောင်းကစားဝိုင်းများမှာ မူးယစ်ဆေးဝါးမျိုးစုံ အလွယ်တကူ ရနိုင်ကြောင်း၊ တာဝန်ရှိ အာဏာပိုင်များကလည်း မူးယစ်ဆေးဝါးကို ထိထိရောက်ရောက် မတိုက်ဖျက်ဘဲ မျက်ကွယ်ပြုထား ကြောင်း၊ လောင်းကစားဝိုင်းရှိနေသရွေ့ မူးယစ်ဆေးဝါးလည်း ပေါများနေမှာဖြစ်ကြောင်း မူစယ် လူငယ် စိုင်းမျိုးက ပြောသည်။
“လူငယ်တွေကို ဖျက်ဆီးနေတာကလည်း ဒီမူးယစ်ဆေးဘဲ။ စိတ်မထိန်းနိုင်ရင်တော့ မူးယစ်ဆေး သားကောင်ဖြစ်သွားတာများတယ်။ ယာဘကြောင်ပြီး ရက်ရက်စက်စက် သတ်ဖြတ်တာတွေ ရှိလာ တယ်။ ဒီလိုဖြစ်ရပ်တွေဟာ သံဝေဂရစရာဘဲ” ဟု မူစယ်မြို့ရပ်မိရပ်ဖဖြစ်သူ လုံးဆွယ်ခမ်းက လည်း ပြောသည်။
သျှမ်းပြည်တွင်းအနှံ့အပြားတွင် မူးယစ်ဆေးဝါးလွန်စွာပေါများနေရာ လွန်ခဲ့သည့် ဂျူလိုင်လ နှောင်းပိုင်း ကလည်း သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ ဟွေဆန်းရွာ၌ စိတ်ကြွ ဆေးပြားသုံးစွဲသူ အမျိုးသားက ၎င်း၏ ဇနီးဖြစ်သူအား ဝါးလုံးဖြင့် ရိုတ်သတ်ခဲ့သည့် ဖြစ်ရပ်တခု ဖြစ်ပွားခဲ့သေးသည်။