ဒေသခံများ ကန့်ကွက်မှုကြားက လသာသာ(တရုတ်) ကုမ္မဏီ ရေ ပေးဝေမှု စတင်ဖို့ ကြိုးစားနေ

ဒေသခံများ ကန့်ကွက်မှုကြားက လသာသာ(တရုတ်) ကုမ္မဏီ ရေ ပေးဝေမှု စတင်ဖို့ ကြိုးစားနေ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့  ဒေသခံ ပြည်သူလူထု အားလုံးက ကန့်ကွက်သည့်ကြား  လသာသာ (တရုတ် ကုမ္မဏီ) ရေ ပေးဝေရေး လုပ်ငန်း စတင် နိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းပြီး ကြိုးစားနေကြောင်း နမ့်ခမ်းမြို့ခံများ ကပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက ရေပေးဝေရေးလုပ်ငန်းစတင်လည်ပတ်နိုင်ရေးအတွက် နမ့်ခမ်းမြို့တွင်း ရပ်ကွက်နေ ပြည်သူလူထု၏ သဘောထားကောက်ခံသည်ဟုဆိုကာ  သြဂတ်စ်လ ၁၂ ရက်နေ့က စာပို့ထားပြီး  သြဂတ်စ်လ ၁၅  ရက်နေ့နောက်ဆုံးထား အကြောင်းပြန်ရမည်ဟု ဆင့်ဆိုထားသည်။

002- La tar tar

သို့သော် လသာသာ ရေပေးဝေရေးကုမ္ပဏီ၏ အလုပ်တာဝန်ကို မြို့နယ်အုပ်ချုပ်ရေးမှူးးက လုပ်ပေးနေသည်မှာ   ဒေသခံလူထုအတွက် စဉ်းစားစရာ ဖြစ်ရကြောင်း နမ့်ခမ်းမြို့နယ် ကျားဖြူပါတီ၏  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ဦးစိုင်းတင်ဦး က သျှမ်းသံတော်ဆင့်အား ပြောပြသည်။

“ မြို့နယ်အုပ်ချုပ်ရေးမှူးကို လသာသာ ကုမ္ပဏီက အဖိုးအခပေး ငှားထားတာလားလို့တောင် ရပ်ကွက်ထဲမှာ ပြောနေကြတယ်။ လသာသာကုမ္မဏီရဲ့ ရေပေးဝေရေးကို ပြည်သူလူထုက လုံးဝ သဘောမတူဘူး။  သောက်သုံး ရေလည်း ဖူလုံနေကြတယ်လေ။  ရေပေးဝေရေးကိစ္စ ရွာသားတွေရဲ့ သဘောထားကိုလည်း  အကြိမ်ကြိမ် အခါ ခါ လာကောက်ခံပြီးပါပြီ ၊ ခုတခါလည်း အုပ်ချုပ်ရေးမှူးကိုလာပြီး ကောက်ခိုင်းနေပြန်တယ်။ ဘာသဘောလဲ” ဟု  ၄င်းက ပြောသည်။

တရုတ်ဘက်ခြမ်းရှိ ရွှေလီမြစ်ကမ်းတစ်လျှောက်တွင် စက္ကူစက်ရုံ၊ သံရည်ကျိုစက်ရုံ၊ သကြားချက်စက်ရုံ နှင့် အသေးစားစက်ရုံများမှ ညစ်ညမ်းရေများ  ရွှေလီမြစ်အတွင်းသို့ စွန့်ပစ်သောကြောင့် ရေချိုငါးများ တိမ်ကော ပျောက်ကွယ်သွားပြီကို တွေ့ရကြောင်း၊  ထိုသို့သန့်ရှင်းမှုမရှိသော ရေကို  နမ့်ခမ်းမြို့ခံများအား သောက်သုံးရေ အဖြစ်  ပြန်လည်ဖြန့်ဝေပေးမည်ဟူသည့်ကိစ္စ ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်စေသောကြောင့် ပြင်းထန်စွာ ကန့်ကွက်ရပါကြောင်း နောင်စန့်ရပ်ကွက်နေ စိုင်းအိုက်မိသားစုက သျှမ်းသံတော်ဆင့်အားပြော ဆိုသည်။

လသာသာ ကုမ္မဏီသည် တရုတ်ရေနံဝမ်ပေါင်ကုမ္မဏီ ၏ လက်အောက်ခံကုမ္မဏီဖြစ်ကြောင်း ၊ ဒေသခံ ပြည်သူလူထုအတွက် ကောင်းကျိုးမရှိသောကြောင့်ကန့်ကွက်ရကြောင်း ကျားခေါင်းပါတီခေါ် သျှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် လူငယ် တစ်ဦး ကပြောသည်။

အဆိုပါ လသာသာ ရေပေးဝေရေးကုမ္မဏီကို နမ့်ခမ်းမြို့နေပြည်သူလူထုများ၊ ရပ်မိရပ်ဖများ၊ စည်ပင်ကော်မတီ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် အုပ်ချုပ် အထောက်အကူပြု အဖွဲ့များနှင့် နမ့်ခမ်းမြို့ရှိ ကျားခေါင်း ပါတီဝင် (SNLD) ၊ ကျားဖြူပါတီဝင်(SNDP) များ ပူးပေါင်းပြီးကန့်ကွက်နေသည်ဟုလည်း ဒေသခံများထံမှ သိရသည်။

Most read this week