ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး၏ ၂၇. ၆. ၂၀၁၄ ရက်စွဲပါ စာအမှတ် ၅/၉-၁/ဦး- ၆ (၂၁၇) အရ ဘောင်ကုန်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးစန်ဘွေးအား ကြံ့ခိုင်ရေးနှင့်် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်များ အားဝေဖန် ရှုတ်ချသည်ဟု စွပ်စွဲတိုင်ကြား ချက်ကြောင့် တာဝန်မှရပ်စဲလိုက်ကြောင်း ဒေသခံတစ်ဦးက ခိုနုမ်းသုန်သို့ သြဂုတ်လ ၁၈ရက်နေ့ က ပြောသည်။
ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်များသည် ဒေသဖွံ့ဖြိုးရေးလုပ်နိုင်စွမ်းမရှိ၊ အရည်အချင်း၊ ဦးနှောက်လည်းမရှိ စသဖြင့် အုပ်ချုပ်ရေးမှူး ဦးစန်ဘွေးက အကြိမ်ကြိမ် ဝေဖန်ပုတ် ခပ်ပြောဆိုသည်ဟု ဘောင်ကုန်းကျေးရွာအုပ်စုရှိ ဆီခုတ်ရွာ သားများ နှင့် မီဟူးရွာသားများက ၂၀၁၄ခုနှစ်၊ ဧပြီလ (၂၀) ရက် နေ့စွဲဖြင့် ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူးရုံး သို့ တိုင် ကြားကြခဲ့ကြခြင်းဖြစ်သည်။
” ဆီခုတ်ကျေးရွာသား ဦးပြေစု နဲ့ မီဟူး ကျေးရွာသားဦးတင်နွဲ့က ဆီခုတ်ကျေးရွာ နဲ့ မီဟူးကျေးရွာသားတွေကို အမျိုး မျိုးခြိမ်းခြောက်ပြီး တိုင်စာမှာ အတင်းအကြပ် လက် မှတ်ထိုးခိုင်းပြီးတော့ တိုင်တာပါ ” ဟု အမည်မဖော် လိုသူ ဘောင်ကုန်းရွာသားတစ်ဦးက ပြောသည်။
ယင်းကိစ္စနှင့် ပါတ်သက်ပြီး ၂၆.၅.၂၀၁၄ ရက်နေ့တွင် မင်းတပ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးကီခွီရှိန်း၊ ဒုတိယ ရဲအုပ်ဦးအောင်တင်၊ ဦးပေါင်ခန့်ဇမ်တို့က ကွင်းဆင်းစစ်ဆေးခဲ့ရာမှာ အပြစ်တစုံတခုမျှ မရှိကြောင်း အထက် သို့ တင်ပြခဲ့ပြီးဖြစ်သည်။
“အုပ်ချုပ်ရေးမှူးကို ဖြုတ်လိုက်တာက လက်ရှိအစိုးရပါတီ နဲ့ လူပုဂ္ဂိုလ်တွေ လုပ်ရပ်ကို ဝေဖန် ပုတ်ခတ်တဲ့ စွပ်စွဲချက် ပါပဲ၊ ခရိုင်ကလာရောက်ကွင်းဆင်းတာက ဘာမှအရာ မရောက်ဘူး၊ ဟန်ပြရုံသက်သက်လိုပဲ မြင်တယ် ” ဟု အဆိုပါ ဘောင်ကုန်းရွာသား က ဆက်ပြောသည်။
အုပ်စု အုပ်ချုပ်ရေးမှူးကို တိုင်ကြားရာတွင် ဘောင်ကုန်းကျေးရွာ နှင့် ဆီခုတ်ကျေးရွာ ပူးပေါင်းရေးဆောင်ရွက်မှု၊ ဘောင်ကုန်းရွာ ရာမာချောင်း တံတားဆောက်လုပ်မှုအပေါ် အုပ်ချုပ်ရေးမှူးအား မကျေနပ်သဖြင့် ပြည်ခိုင်ဖြိုး ပါတီ ခေါင်းဆောင်များ အား ဝေဖန်ပုတ် ခတ်သည်ဟု အကြောင်းပြတိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။
ဆီခုတ်ကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီဝင် (၄)အိမ်ထောင် မှအပ ကျန်အားလုံသည် NLD ပါတီဝင်များဖြစ်ကြောင်း ၊ ချင်းပြည်နယ်အစိုးရ ဟားခါးမြို့၏ ၁.၂.၂၀၁၃ ရက်စွဲပါ စာအမှတ်၊ဝ-၃၆(၂၀)/ဦး- (၃) အရ ပင်မဘောင်ကုန်း ရွာနှင့် ဆီခုတ်ရွာတို့ ပူးပေါင်းရေး စည်းရုံးနေစဉ်တွင်ပင် “ ပြည်ခိုင်ဖြိုးပါတီကျေးရွာ၊ ဘောင်ကုန်းကျေးရွာအုပ်စု ဆီ ခုတ် ကျေးရွာ” အဖြစ် ၁၇.၂.၂၀၁၄ ရက်နေ့က ဆိုင်းဘုတ်တင်ထားကြပြီးဖြစ်သည်။