လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ် နှင့်ပတ်သက်၍ ပထမဆုံးအကြိမ် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ်လ ၁၈ ရက်နေ့ တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် တိုင်းရင်းသား နိုင်ငံရေးပါတီ များ မှ မြန်မာငြိမ်းချမ်း ရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန (MPC)တွင် ပြုလုပ်ခဲ့ကြသည်။
"ဒီနေ့ဆွေးနွေးပွဲဟာ လာမယ့်အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲများဆိုင်ရာ မူဘောင်များ ပြင်ဆင်ရေးအတွက် အရေးကြီးလှပါတယ်။ အစည်းအဝေးကို တက်ရောက်လာတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့မှ ခေါင်းဆောင်များနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များရဲ့ အမြင်သဘော ထားများဟာ ကျနော်တို့ တိုင်းပြည်ရဲ့ ကောင်းမွန်တဲ့ အနာဂတ်အတွက် အခြေခံအုတ်မြစ်တွေ ဖြစ်တယ်လို့ ကျနော့်အနေနဲ့ ခံယူပါတယ်״ ဟု Myanmar Peace Center(MPC) မှထုတ်ပြန်သည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ မိန့်ခွန်းတွင် ဖော်ပြထားသည်။
ယနေ့ ဆွေးနွေးပွဲသို့ တရားဝင်မှတ်ပုံတင်ထားသည့် တိုင်းရင်းသားပါတီ များအား ဦးစားပေးဖိတ်ကြား ခဲ့ကြောင်းသိရသည်။
သြဂုတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ UPWC နှင့် NCCT တို့ ၏ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ဘောတူညီမှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် NLD ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် တိုင်းရင်းသားပါတီ ၄၃ ပါတီ ကို လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ် နှင့်ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးနေခြင်းဖြစ်သည်။
ယနေ့သည် နိုင်ငံတော်သမ္မတကြီးမှ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် အင်အားစုအားလုံးပါဝင် ဆောင်ရွက်ကြရန် ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့သည့် (၃) နှစ်မြောက် နေ့လည်း ဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် တိုင်းရင်းသား နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ပထမဦးဆုံး အကြိမ် သုံးပွင့် ဆိုင် တွေ့ဆုံဆွေးနွေး ခြင်းဖြစ်ပြီး လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ် နှင့်ပတ်သက်၍ ဆွေးနွေးသွားကြ မည်ဟု သိရသည်။