ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပါရာကန်မြို့နယ်ရှိ Wong Pisit Printing Limited ဆေးဆိုးပန်းရိုက် စက်ရုံ၌ ရေနွေးအိုး Electric Steam Boiler အပူလွန်ကဲ၍ ပေါက်ကွဲခဲ့ရာမှ ထိုင်းအလုပ်သမား ၃ ဦးနှင့် မြန်မာအလုပ်သမားအချို ့ အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး စမွတ်ပရာကန်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ကြောင်းသိရသည်။
အမြင့်ပေ ၅ ပေခန့်ရှိ ဘွိုင်လာရေနွေးအိုး ပေါက်ကွဲမှု ပြင်းထန်သောကြောင့် ဒဏ်ရာရအလုပ်သမားများအတွက် စိုရိမ်နေရကြောင်း မြန်မာအလုပ်သမားသံအရာရှိ ကိုသန်းနိုင် က IMNA သို့ ပြောသည်။
သူက “ပေါက်ကွဲသံက အရမ်းပြင်းတော့ လူတွေအုံလာကြတယ်၊ မနက် ၄ နာရီလောက်မှာ ပေါက်ကွဲတာ မြန်မာအလုပ်သမားတွေရော၊ ထိုင်းအလုပ်သမားတွေရော အဲဒီမှာရှိနေကြတာပါ၊ ဒဏ်ရာရအလုပ်သမားတွေကို ဆေးရုံကို ချက်ချင်းပဲ ပို့ဆောင်ခဲ့တယ်"ဟု ပြောသည်။
ပေါက်ကွဲရှိန်ကြောင့် အနီးတဝိုက်ရှိ နေအိမ်များပျက်စီးခဲ့ရကြောင်း၊ ထိခိုက်ဒဏ်ရာရ မြန်မာအလုပ်သမား များအတွက် ထိုင်းနိုင်ငံဥပဒေနှင့်အညီ စက်ရုံမှ တာဝန်ရှိ ပုဂ္ဂိုလ်များက ပြန်လည် ပေးလျှော်ပေးရမည်ဖြစ်ပြီး အပြည့်အဝအကျိုးခံစားခွင့်ရှိကြောင်း သူက ဆက်ပြောသည်။
ယင်းပေါက်ကွဲမှုဖြစ်စဉ်တွင် ထိုင်းနိုင်ငံသား ၄ ဦးနှင့် မြန်မာအလုပ်သမား ၁၈ ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး မြန်မာအလုပ်သမား ၂ ဦး စိုးရိမ်ဖွယ်အခြေအနေ ဖြစ်ပေါ်နေသည်။
ဘန်ကောက်မြို့နေ ကိုသက်ခိုင်က “အဲဒီစက်ရုံမှာ မြန်မာအလုပ်သမားက အများကြီးရှိပါတယ်၊ အဲ့လိုပေါက်ကွဲတဲ့အခါမှာခေါင်မိုးတွေဘာတွေလွင့်ပြန်ကုန်တော့ အလုပ်သမားတွေကို သွားထိတယ်ဗျ။ ပေါက်ကွဲမှုမှာ ငွေကြေးပမာဏာအများကြီး ဆုံးရှုံးးမှာပါ"ဟု ပြောသည်။
ယင်းစက်ရုံသို့ တာဝန်ရှိသူများများမှအပ မည်သူမျှမဝင်နိုင်အောင် သက်ဆိုင်ရာများက တားမြစ်ပိတ်ဆို့ထား ကြပြီး ပေါက်ကွဲမှုဖြစ်စဉ်ကို ထိုင်းအာဏာပိုင်တို့ ဆက်လက်စစ်ဆေးသွား မည်ဖြစ်ကြောင်း ထိုင်း TV Channal 3 မှ ကြောညာခဲ့သည်။
ထို့အတူ ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းနိုင်ငံ၊ ပထွန်ဌာနီခရိုင်၌ မြန်မာအလုပ်သမားများ ဆောက်လုပ်နေသည့် ၆ ထပ်တိုက်ပြိုကျမှုဖြစ်ပွားခဲ့ရာ လူအသေအပျောက်ဖြစ်ပွားခဲ့ သော်လည်း မြန်မာအလုပ်သမားများ သေဆုံးမှု မရှိခဲ့ကြောင်း မြန်မာသံရုံးက အတည်ပြုခဲ့သည်။