ပြီးခဲ့သည့် သီတင်းပတ်အတွင်း မြန်မာပြည်အောက်ပိုင်း မွန်ပြည်နယ်မှသည် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လူထောင်ပေါင်းများစွာ ရေဘေးဒုက္ခကြံုခဲ့ကြရပြီး လယ်ဧကပေါင်း နှစ်သိန်းကျော် ရေလွှမ်းမိုးခံခဲ့ရသည်ဟု သတင်းမီဒီယာများတွင် ဖော်ပြပါရှိသည်။
သြဂုတ်လ ပထမပတ်တွင် စတင်ခဲ့သည့် ရေကြီးမှုသည် လူပေါင်း ၅၈,၀၀၀ ကျော်ကို ရေဘေးဒုက္ခသည် ဖြစ်စေခဲ့သည်ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏ စာရင်းထုတ်ပြန်ချက်များတွင် ဖော်ပြပါရှိသည်။ ပဲခူးမြို့နယ်၊ လှည်းကူးမြို့နယ်နှင့် မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသနေသူများ ရေဘေးဒုက္ခခံခဲ့ကြရခြင်းဖြစ်ပြီး ရေဘေးကယ်ဆယ်ရေးအတွက် ကျပ်သိန်း ၆၀၀ ကျော် သုံးစွဲခဲ့သည်ဟုလည်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ဆိုသည်။
ဤနေရာတွင် ထောက်ပြပြောဆိုလိုသည်မှာ လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍဖြစ်သည်။ ပြည်သူတို့၏ အခက်အခဲများကို ရင်ဆိုင်နေရချိန်တွင် ပြည်သူတို့၏ မဲဆန္ဒများဖြင့် လွှတ်တော်တွင်း ၀င်ရောက်လုပ်ကိုင်နေကြသည့် လွှတ်တော်အမတ်များက ပြည်သူတို့ကို လျစ်လျူရှုသကဲ့သို့ ဖြစ်နေသည်။
အကြောင်းမှာ တက်ကြွလှုပ်ရှားသူများ၊ လူမှုရေးလုပ်ငန်းများတွင် အကူအညီပေးနေသူများ၊ ဒေသခံဘုန်း တော်ကြီးများကသာ ရေဘေးသင့်ပြည်သူများကို အကူအညီပေးခဲ့ပြီး သက်ဆိုင်ရာမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်များ၏ အကူအညီပေးမှုနှင့် ဦးဆောင်ဖြေရှင်းပေးမှုတို့ သတင်းမီဒီယာများတွင် ဖော်ပြခြင်း၊ ရေးသားခြင်း မတွေ့ရှိရခြင်းကြောင့်ဖြစ်သည်။
၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းထားသည့် လွှတ်တော်ဆိုင်ရာ ဥပဒေများတွင်ပါရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်များတွင် “မဲဆန္ဒနယ်မြေနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်စေဘဲ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့်ဖြစ်စေ၊ အာဏာပိုင်ပုဂ်္ဂိုလ်များနှင့်ဖြစ်စေ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်း”ဟု ပါရှိပါသည်။ ဥပဒေပါ ပြဋ္ဌာန်းချက်တွင် မိမိမဲဆန္ဒနယ်သာမက နိုင်ငံဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းကြရမည်ဟု ဖော်ပြထားသည်ဖြစ်ရာ ရေကြီးရေလျှံမှုကဲ့သို့ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက စားစရာ၊ နေရာတို့ကို အကူအညီပေးရန်နှင့် ပြန်လည်နေရာချ ထားပေးရေးအတွက်လည်း လွှတ်တော်အမတ်များတွင် တာဝန်ရှိသည်။
မဲဆန္ဒရှင်များကို လွှတ်တော်အတွေ့အကြံုများ ရှင်းလင်းတင်ပြရန် တာဝန်ရှိသည်ဟုလည်း ဥပဒေက ပြဋ္ဌာန်းထားပါသည်။ အလားတူပင် မဲဆန္ဒရှင်များ၏ တင်ပြချက်များကို လွှတ်တော်သို့ ပြန်လည်တင်ပြရန်လည်း တာဝန်ရှိသည်ကို လွှတ်တော်အမတ်တစ်ဦး၏ တာဝန်ဝတ္တရားများအဖြစ် ပြဋ္ဌာန်းပါရှိသည်။
လတ်တလော လွှတ်တော်နားနေချိန်ဖြစ်ရာ မိမိမဲဆန္ဒနယ်ရှိ ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးလျက် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ၊ ပြည်သူတို့၏ အခက်အခဲများကို ဖြေရှင်းပေးသင့်လှသည်။ သို့မှသာ ပြည်သူ့အသံ လွှတ်တော် အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ အမှန်ဖြစ်လာပေလိမ့်မည်။