နိုင်ငံလုံးဆိုင်ရာအပစ်ရပ်မူကြမ်း ပ ဉ္စမအကြိမ်မြောက်ဆွေးနွေးပွဲအပြီးတွင် အပစ်ရပ်မူကြမ်း အချောသတ်ပြီးရန် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT)က မျှော်လင့်ထားခဲ့သော်လည်း အချက်အနည်းငယ် ကျန်ရှိနေခဲ့သည်ဟု ဆွေးနွေးပွဲအပြီးတွင် NCCT၊ ပထမခေါင်းဆောင်နိုင်ဟံသာက ပြောသည်။
“ပထမရက်တွေက အောင်မြင်မှုတွေပေါ် အခြေခံပြီး ဒီရက်မှာ အားလုံးနားလည်မှု ရနိုင်မယ်လို့ ပထမက မျှော်လင့်ခဲ့ပါတယ်” ဟု နိုင်ဟံသာက ဆိုသည်။
ကျန်ရှိနေသည့် အချက်များကို စက်တင်ဘာလဆန်းပိုင်းတွင် ဆက်လက်ဆွေးနွေးသွား မည်ဖြစ်သည်။
ထိုအချက်များမှာ အပစ်ရပ်ပြီးနောက် ကြားကာလများတွင် လက်နက်ကိုင်တပ်များ နေထိုင်ရမည်ကို နေရာချထားရေး၊ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရာတွင် ဆွေးနွေးမည့်အစုအဖွဲ့ သတ်မှတ်ရေးနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးတွင် ပါ၀င်လက်မှတ်ရေးထိုးသူများ ဆွေးနွေးရေးတို့ဖြစ်သည်ဟု နိုင်ဟံသာက ပြောသည်။
ကြားကာလ လက်နက်ကိုင်တပ်များကိစ္စ
အပစ်ရပ်ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား နယ်မြေထိစပ်သည့် နေရာများတွင် ပြန်လည်ပစ်ခတ်မှု မဖြစ်ရေး၊ စည်းကမ်းချက်များ ချမှတ်ကာ ထိန်းသိမ်းရေး၊ စောင့်ကြည့်ကော်မတီများ ဖွဲ့စည်းရေး စသည်တို့မှာ နိုင်ငံရေးဆွေးနွေးပွဲတွင် အသေးစိတ်ဆွေးနွေးခြင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲမတိုင်မီ အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းကာ နည်းပညာပိုင်းဆိုင်ရာများ ဆွေးနွေးခြင်းတို့ ပြုလုပ်သွားမည်ဖြစ်သော်လည်း တိကျသည့် သဘောတူညီမှု မရှိသေးပေ။ ထိုထဲတွင် အစိုးရဘက်မှ “တပ်သားသစ်များ မစုဆောင်းရေး”နှင့် တိုင်းရင်းသားတို့ဘက်မှ “တပ်သားသစ်များ အဓမ္မမစုဆောင်းရေး”ဟူသည့် ဝေါဟာရကွဲလွဲနေမှုများ ပါ၀င်သည်။
အပစ်ရပ်သဘောတူညီမှု လတ်မှတ်ရေးထိုးပြီးနောက် အောက်ခြေလက်နက်ကိုင်တပ်ဖွဲ့များကို ၂၄ နာရီအတွင်း အကြောင်းကြားမည်ဖြစ်ပြီး စာချုပ်ပါသဘောတူညီချက်များထဲမှ အပစ်ရပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ငါးရက်တာအတွင်း အသက်ဝင်စေရေး ဆောင်ရွက်သွားရန် ယေဘုယျသဘောတူညီထားသည်ဟု နှစ်ဖက်ခေါင်းဆောင်များက ပြောသည်။
နိုင်ငံရေးဆွေးနွေးပွဲတွင် ပါရှိရမည့် အစုအဖွဲ့အပစ်ရပ်ပြီးနောက် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲ၌ တက်ရောက်မည့် အစုအဖွဲ့များ သတ်မှတ်ရေးတွင် NCCT မှ သုံးပွင့်ဆိုင်(အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီ)ဟု အဆိုပြုထားသော်လည်း အစိုးရဘက်မှ ငါးပွင့်ဆိုင် (အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီ) ဟူ၍ အဆိုပြုထားသည်။
အစုအဖွဲ့ကိစ္စဆွေးနွေးခဲ့မှုများတွင် တပ်မတော်၏ သဘောထားနှင့် ပတ်သက်၍ နိုင်ဟံသာက “သူတို့ဘက်က မလျှော့ချင်တဲ့ပုံကြည့်ရတာ၊ အစိုးရရယ်၊ တပ်မတော်ရယ်၊ လွှတ်တော်ရယ်ဆိုပြီးတော့ သုံးခုဆက်လက်ရှိနေချင်တယ်၊ သူတို့အနေအထားအရ ဒီနေ့တပ်မတော်က အစိုးရနဲ့မတူဘူး၊ သီးသန့်ရှိနေတယ်ဆိုတာကို ဖော်ထုတ်ချင်တယ်”ဟု မဇ္ဈိမကို ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးပွဲတွင် ပါ၀င်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးအား မဇ္ဈိမက မေးမြန်းခဲ့ရာ မဖြေကြားခဲ့ပေ။
နိုင်ငံရေးပါတီများ ခေါင်းစဉ်အောက်တွင် လက်ရှိနိုင်ငံရေးပါတီ မဖွဲ့စည်းထားသည့် ၈၈ ခုနှစ်၊ အရေးအခင်းတွင် ပါ၀င်ခဲ့သည့် ကျောင်းသားခေါင်းဆောင်များ၊ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ပါတီများကို ပြန်လည်ဖိတ်ခေါ်သွားမည်ဟု NCCT အဖွဲ့ဝင် ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။
အပစ်ရပ်မှာ ဘယ်သူတွေ လက်မှတ်ထိုးမလဲ
အပစ်ရပ်သဘောတူညီမှုတွင် မည်သူတို့ ပါ၀င်ရန်ဆိုသည့်အချက်တွင်လည်း သဘောတူညီမှု မရရှိသေးဘဲ လက်မှတ်ထိုးမည့်သူ ရွေးချယ်ရာတွင်လည်း အပြီးမသတ်နိုင်သေးဟု နှစ်ဖက်ခေါင်းဆောင်များက ဆိုသည်။
NCCT အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဆလိုင်းလျန်မှုန်းဆာခေါင်းက “သာမန်လူထိုးတဲ့ ပုံစံမျိုးမဟုတ်ဘဲ ရာထူးကို ကျွန်တော်တို့ စဉ်းစားတယ်။ သမ္မတကြီးကိုယ်တိုင်၊ လွှတ်တော်ဥက္ကဋ္ဌကြီးကိုယ်တိုင်၊ ကာချုပ်ကြီးကိုယ်တိုင် လက်မှတ်ထိုးမှ ခိုင်မာမှုရှိမယ်။ ကျွန်တော်တို့က စံနှုန်းနဲ့ အတိအကျတင်ပြတယ်”ဟု ပြောသည်။
အပစ်ရပ်ရေးမှာ နိုင်ငံရေးဆွေးနွေးပွဲသို့ သွားရမည့် ခြေလှမ်းဖြစ်၍ ခိုင်မာရန် လိုအပ်သဖြင့် စာချုပ်တွင် လက်မှတ်ရေးထိုးမည့်သူများမှာလည်း တာဝန်ရှိ၊ တာဝန်ခံနိုင်သူများဖြစ်ရန် သတ်မှတ်သည်ဟု ဆိုသည်။ တိုင်းရင်းသားများဘက်ကလည်း အဖွဲ့အစည်းအသီးသီး၏ ဥက္ကဋ္ဌ (သို့) အထွေထွေအတွင်းရေးမှူးချုပ်များ လက်မှတ်ထိုးရန် ရည်ရွယ်ထားသည်ဟု ဆလိုင်းလျန်မှုန်းဆာခေါင်းက ဆိုသည်။
အစိုးရ၏ အထူးအကြံပေး ဦးလှမောင်ရွှေက “တိုင်းရင်းသားတွေကို ရှင်းပြနေတာကတော့ နိုင်ငံတော်သမ္မတကြီးနဲ့ နိုင်ငံတော်သမ္မတကြီး တာဝန်ပေးတဲ့သူတွေ ထိုးပါမယ်ဆိုတာကို ရှင်းပြနေပါတယ်”ဟု ပြောသည်။
ဆွေးနွေးပွဲမှာ သြဂုတ်လ ၁၅ ရက်မှ ၁၈ ရက်ထိ ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာ့ငြိမ်းချမ်းရေးဗဟိုဌာနတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲ ပထမရက်တွင် တိုင်းရင်းသားတို့ဘက်မှ အဓိကအခြေခံမူအဖြစ် တောင်းဆိုထားသည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များပါရှိသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အကောင်အထည်ဖော်ရန် အစိုးရက လက်ခံခဲ့သည်။ အပစ်ရပ်မူကြမ်းတွင် အခန်းခုနစ်ခန်းဖြင့် ဖွဲ့စည်းထားပြီး အချက် ၃၁ ချက်ပါရှိသည်။ ထိုထဲမှ ၉၅ ရာခိုင်နှုန်းခန့် ဆွေးနွေးသဘောတူညီမှုရရှိပြီးဖြစ်သည်ဟု နှစ်ဖက် ခေါင်းဆောင်များက မဇ္ဈိမကို ပြောသည်။