မဲဆွယ်ကာလအတွက် လွှတ်တော်ကျင်းပချိန် ပြင်ရန်လိုဟုဆို

မဲဆွယ်ကာလအတွက် လွှတ်တော်ကျင်းပချိန် ပြင်ရန်လိုဟုဆို
by -
မဇ္စျိမ

မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်မှစတင်သော ရွေးကောက်ပွဲများ၏ မဲဆွယ်ကာလနှင့် တိုက်ဆိုင်နိုင်သဖြင့် လွှတ်တော်အစည်းအဝေး ကျင်းပချိန် ပြင်ဆင်ပေးရန်လိုမည်ဟု အမတ်အချို့က မဇ္ဈိမကို ပြောသည်။

“တိုက်ရင်တော့ အခက်အခဲရှိတယ်။ ကျွန်မတို့ ပါတီကတော့ အနည်းစုပဲဆိုတော့ ဒီလောက်မဟုတ်ပေမယ့် အဓိက ပြည်ခိုင်ဖြိုးက အများဆုံးမို့လို့ သူတို့အဓိကဖြစ်မယ်။ အဲဒီအတွက်ကိုလည်း လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ လက်ရှိ ပြန်အရွေးခံမယ့်သူတွေလည်းရှိတော့ အဲဒီလိုမဖြစ်အောင် ပွင့်ပွင့်လင်းလင်းပြောပေးဖို့လိုမယ်ထင်တယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

MP-in-Naypyitaw

လက်ရှိအချိန်ထိ လွှတ်တော်အစည်းအဝေးများနှင့် မဲဆွယ်ကာလ တိုက်ဆိုင်နိုင်သည့် အခြေအနေအပေါ် မည်သို့ဆောင်ရွက်မည်ကို ပြည်ထောင်စုလွှတ်တော် နာယကက ပြောဆိုညွှန်ကြားထားခြင်း မရှိဟု ၎င်းက ပြောသည်။

လွှတ်တော်အစည်းအဝေးများကို တစ်နှစ်အတွင်း သုံးကြိမ်ကျင်းပတတ်ပြီး ယင်းကာလများသည် ကျင်းပပြီးစီးသည့် ရွေးကောက်ပွဲများမတိုင်မီ ပြုလုပ်ရသည့် မဲဆွယ်စည်းရုံးချိန်နှင့် တိုက်ဆိုင်ရန်ရှိနေ ခြင်းဖြစ်သည်။

“တိုက်နေရင်တော့ ပြန်အရွေးခံသူတွေ နေရာလိုသူတွေအတွက် အခက်အခဲရှိနိုင်တယ်။ ဒါပေမဲ့ ပြည်သူနဲ့ ငါးနှစ်အထိ ထိတွေ့လာတော့ မဲဆွယ်စရာတောင် မလိုပါဘူးဗျာ။ ကျွန်တော်တို့ လုပ်ပေးသင့်တာ လုပ်ပေးရင် သူတို့ကြိုက်တဲ့သူကို ရွေးကြမှာပဲ”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဆားလင်းကြီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမြင့်က မဇ်္စျိမကိုပြောသည်။

အမျိုးသားဒီမိုကရေစီအင်အားစု အလုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးခိုင်မောင်ရည်ကမူ ပြည်ထောင်စု လွှတ်တော်နာယကက ယင်းသို့ မဖြစ်စေရန် စီစဉ်ပေးလိမ့်မည်ဟု သုံးသပ်သည်။

“တိုက်တာတော့ တိုက်နိုင်တယ်ဆိုပေမယ့် လွှတ်တော်နာယကကတော့ လွှတ်တော်သက်တမ်းက ရွေးကောက်ပွဲ ကာလ နုတ်ရင် တစ်နှစ်လောက်ပဲ ကျန်တော့တယ်လို့ ပြောခဲ့တာရှိပါတယ်။ အဲဒီတော့ မတိုက်နိုင်ဘူးထင်တယ်။ မတိုက်အောင်လို့တော့ လုပ်မယ်ထင်ပါတယ်”ဟု ၎င်းက ပြောသည်။

ကျင်းပပြီးစီးခဲ့သည့် လွှတ်တော်အချိန်ဇယားများအရ ပထမအကြိမ်ကို ဇန်နဝါရီမှ မတ်အတွင်း၊ ဒုတိယအကြိမ်ကို မေ၊ ဇွန်နှင့် ဇူလိုင်လများအတွင်း၊ တတိယအကြိမ်ကို အောက်တိုဘာ၊ နိုဝင်ဘာလများအတွင်း ကျင်းပခြင်းဖြစ်သည်။

မကြာမီ ကျင်းပရန်ရှိသည့် ၂၀၁၄ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ များကို နှစ်ကုန်ပိုင်းများအတွင်းလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောသည်။

ထို့ကြောင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်အရ ယင်းမတိုင်မီ တစ်လအလို မဲဆွယ်မှု လုပ်ရမည်ဖြစ်၍ အောက်တိုဘာနှင့် နိုဝင်ဘာလများအတွင်း လွှတ်တော်အစည်းအဝေးများနှင့် တိုက်ဆိုင်နိုင်သည်ဟု အမတ်အချို့က သုံးသပ်ခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နောက်ဆုံးထုတ်ပြန်သော ညွှန်ကြားချက်တွင် မဲဆွယ်ခွင့်ကို သုံးလမှ တစ်လသို့ လျှော့ချထားပြီးဖြစ်သည်။

Most read this week