အပစ်ရပ်သဘောတူညီမှုကို အမြန်ချုပ်ဆိုနိုင်ရန် နိုင်ငံရေးပါတီများက သဘောထားထုတ်ပြန်ချက် ဆွေးနွေးစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီသည် တစ်စုံတစ်ရာပြောဆိုခဲ့ခြင်းမရှိခဲ့သော်လည်း ထုတ်ပြန်ချက် ထွက်ရှိပြီး တစ်ရက်အကြာမှ ၎င်းတို့အဖွဲ့မှာ ပါ၀င်ခဲ့ခြင်း မရှိဟု ထုတ်ပြန်လိုက်သည်။
အင်န်အယ်လ်ဒီနှင့် ကြံ့ခိုင်ရေးပါတီတို့အပါအဝင် နိုင်ငံရေးပါတီ ၆၆ ခုသည် ဦးအောင်မင်းအပါအဝင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ဆွေးနွေးခဲ့ကြပြီး အပစ်ရပ်သဘောတူညီမှုကို အမြန်ချုပ်ဆိုနိုင်ရန် တိုက်တွန်းသည်ဟု သြဂုတ် ၁၁ ရက်က ထုတ်ပြန်ခဲ့သည်။
“ကျွန်တော်တို့က ကန့်ကွက်တာ မဟုတ်ဘူး။ ဒီခေါင်းစဉ်အတွက် ဆွေးနွေးဖို့လာခဲ့တာလည်း မဟုတ်ဘူး။ အဲဒီအတွက် ကျွန်တော်တို့ပါ၀င်ခြင်း မရှိဘူးလို့ ပြောတာပါ”ဟု အင်န်အယ်လ်ဒီပါတီ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောသည်။
သဘောထားစာတမ်းထုတ်ပြန်စဉ် အင်န်အယ်လ်ဒီမှ ဦးဉာဏ်ဝင်းမှာ ဆွေးနွေးပွဲအတွင်း ရှိနေခဲ့သော်လည်း စာတမ်းနှင့် ပတ်သက်၍ မဇ္ဈိမက သြဂုတ် ၁၃ ရက်က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားခဲ့သည်။
အပစ်အမြန်ရပ်ရေး သဘောထားစာတမ်းကို “ကန့်ကွက်မည့်သူ၊ မပါ၀င်မည့်သူ ရှိပါသလား”ဟု သုံးကြိမ် မေးမြန်းခဲ့ရာတွင်လည်း အင်န်အယ်ဒီက ပြောဆိုခဲ့ခြင်း မရှိဘဲ နှုတ်ဆိတ်နေခဲ့သည်ကို မဇ္ဈိမက တွေ့ရှိခဲ့သည်။