မွန်ပြည်နယ်တဝန်း၌ အစိုးရ အဆက်ဆက်မှ ယနေ့ အထိ သိမ်းဆည်း ထားသည့် မြေဧကပေါင်း ၂၂၀ဝဝ ကျော် ရှိနေသေးကာ အထူးသဖြင့် ရေးမြို့နယ်နှင့် သံဖြူဇရပ် မြို့နယ်နှင့် ကျိုက်မရော မြို့နယ် များတွင် မြေသိမ်း မှုအများဆုံး ခံထားရကြောင်း မွန်ပြည်သူ လူထုများအား မြေယာ ဥပဒေ အသိ ပေးဝေခြင်း အစီအစဉ်မှ တာဝန်ရှိသူများနှင့် မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက ပြောသည်။
“ကျနော်တို့ စုစည်း ထားတဲ့ စာရင်းတွေ အားလုံး ပေါင်းလိုက်ရင် နှစ်သောင်း နှစ်ထောင် ဧကကျော် သိမ်းထားဆဲ ဖြစ်ပါတယ်၊ ဥပမာ ကျိုက်မရောဘက်မှာ ဆိုရင် ကုမ္ပဏီတွေက ဒေသ အာဏာပိုင်တွေနဲ့ ပေါင်းပြီး ဈေးမတရား နှိမ်ဝယ်ထားတယ် ဆိုပေမယ့် သိမ်းယူ ထားတဲ့ သဘော သက်ရောက် ပါတယ်၊ ကျနော်တို့ အတည်ပြု နိုင်တာက ဧကနှစ်သောင်း နှစ်ထောင် ကျော် သိမ်းထားဆဲ ဖြစ်ပါတယ်” ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ နိုင်အဲမွန်က ပြောသည်။
အကြောင်း အမျိုးမျိုးကြောင့် အစိုးရ အဆက်ဆက်မှ မွန်ပြည်နယ် တဝန်းတွင် ၁၉၉၈ ခုနှစ်မှ စ၍ ယခုအထိ ဂက်စ်ပိုက်လိုင်း သွယ်တန်းရေး၊ စစ်တပ် တပ်စခန်း တည်ဆောက်ရေးနှင့် အကြီးစား ကုမ္ပဏီ များမှ မြေယာ သိမ်းမှုကို အဓိက ဖြစ်ပေါ် ခဲ့သည်ကို တွေ့ရှိရကြောင်း နိုင်အဲမွန်က ဆက်ပြောသည်။
မွန်ပြည်သူ လူထုများအား မြေယာ ဥပဒေအသိ ပေးဝေခြင်း အစီအစဉ်မှ နိုင်စဝေါမွန်ကလည်း “ဦးသိန်းစိန် အစိုးရသစ်တက်လာပြီး နောက်ပိုင်းမှာ လယ်ယာမြေတွေ ပြန်ပေးမယ် ဆိုပေမယ့်လည်း တကယ့် စစ်တပ်တွေ သိမ်းထားတဲ့ နေရာတွေမှာ ပြန်ပေးတာ မရှိသေးဘူး၊ စစ်တပ် ပေါ်လစီ အရ သိမ်းထားတာ ရှိသလို စစ်တပ် ပေါ်လစီ မဟုတ်ဘဲနဲ့ ဗိုလ်ကြီး ဗိုလ်မှူးတွေက အနိုင်ကျင့် ပြီးတော့ သိမ်းထားတဲ့ မြေနေရာ တွေလည်း ရှိပါတယ်၊ မော်လမြိုင် မြို့နယ် ထဲမှာတော့ ဧက ၂၀ဝ လောက် ပြန်ပေးဖူးတာ ရှိပါတယ်” ဟု နိုင်စဝေါမွန်က ပြောသည်။
မြန်မာတနိုင်ငံလုံး၌ အကြောင်း အမျိုးမျိုးကြောင့် စစ်တပ်သိမ်းယူ ထားသည့် မြေဧကပေါင်း (၃) သိန်းကျော် ရှိကာ ထိုအထဲမှ ၁၆ ပုံ တပုံ (ဧက ၁၈၀ဝဝ) ကျော် ပြန်လည် ပေးအပ် သွားမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က ၂၀၁၃ ခုနှစ် အမျိုးသား လွှတ်တော် မြေသိမ်း အစီရင်ခံစာ အပိုင်း (၁) တင်သွင်းစဉ် ပြောကြားခဲ့သည်။
မွန်ပြည်နယ်ရှိ လူထုများ မြေယာ သိမ်းဆည်းသည့် အဓိက အကြောင်းရင်းမှာ မြေယာနှင့် ပတ်သက်သည့် ဥပဒေသိရှိနားလည်မှု နည်းပါးခြင်းနှင့် အကာအကွယ် ပေးမည့် လယ်သမား အဖွဲ့ အစည်းများ မရှိခြင်း ကြောင့်လည်း ဖြစ်သည်ဟု Burma Environment Working Group မှ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ မိခမွန်းဗလွယ်က ပြောသည်။
မိခမွန်းဗလွယ်က “မွန်လူထုတွေ အဓိက ရင်ဆိုင် နေရတဲ့ စိန်ခေါ်မှု ပြဿနာ တွေက လယ်သမား အဖွဲ့ အစည်းတွေ သေသေ ချာချာ မရှိ သေးဘူး၊ သူတို့တွေ လယ်ယာမြေတွေ သိမ်းခံ ထားရတာကိုလည်း တိုင်ကြားဖို့ နေရာလည်း မသိကြဘူးလေ၊ ” ဟု ပြောသည်။
အလားတူ တိုင်းရင်းသား ရိုးယာ ဓလေ့ မြေယာ ကာကွယ် စောင့်ရှောက်ရေး ကော်မီတီမှ စိုင်းခေးဆိုင်က မြေယာ ဥပဒေ များနှင့် သိရှိမှု အားနည်း နေသည့် ပြည်သူ လူထုများကို အစိုးရအနေဖြင့် အခွင့်ကောင်း မယူပဲ ၎င်းတို့ မိရိုးဖလာ ပိုင်ဆိုင် လာသည့် တိုင်းရင်းသား ရိုးရာ ဓလေ့အတိုင်း မြေယာ ဥပဒေကို အသိအမှတ် ပြုပေးရန် လိုအပ်ကြောင်း ပြောသည်။
“ရိုးရာ ဓလေ့ ထုံးတမ်း မြေယာ ဥပဒေ တွေကို ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံပေါင်း (၈) နိုင်ငံလောက်က ကျင့်သုံး နေတယ်၊ အဲဒီလို အလေး ထားပြီး ဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ မြေယာ ပြဿနာတွေ လျှော့နည်း လာတာကို ကျတော်တို့ တွေ့ရတယ်၊ ဒါကို ကျနော်တို့ အစိုးကလည်း ကျင့်သုံးသွားနိုင်ရင် လက်ရှိ တိုင်းရင်းသား ဒေသမှာ ဖြစ်ပေါ်နေတဲ့ မြေယာ ပြဿနာတွေ လျော့နည်း လာနိုင်တယ်” ဟု စိုင်းခေးဆိုင်က ဆက်ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ (၄) ရက်နေ့မှ (၆) ရက်နေ့ များတွင်လည်း ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ တောင်သူ လယ်သမားများ၊ တက်ကြွ လှုပ်ရှား သူများနှင့် အရပ်ဖက် အဖွဲ့ အစည်း စုစုပေါင်း (၅၅) ဖွဲ့မှ ကိုယ်စားလှယ်များ စုပေါင်း၍ တိုင်းရင်းသား ရိုးရာ ဓလေ့ မြေယာ ကာကွယ် စောင့်ရှောက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို ကယားပြည်နယ် လွိုင်ကော်မြို့၌ ကျင်းပ ခဲ့ကာ တိုင်းရင်သား ဒေသများ၌ သိမ်းဆည့် ထားသည့် မြေယာ ပြန်လည်ပေးအပ်ရန်၊ ဆက်လက်၍ သိမ်းယူမှုများ ရပ်တန့် ပေးရန် အပါအဝင် အချက် (၅) ချက်အား သြဂုတ် ၁၁ ရက်နေ့စွဲဖြင့် သဘောထား ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။