လာမည့် ပညာသင်နှစ်မှ စတင်ကာ ကျောင်းပိတ်ရက် နှစ်လသာ ရှိမည်

လာမည့် ပညာသင်နှစ်မှ စတင်ကာ ကျောင်းပိတ်ရက် နှစ်လသာ ရှိမည်
by -
မဇ္စျိမ

၂၀၁၅-၁၆ ပညာသင်နှစ်မှစ၍ ဆယ့်နှစ်တန်းပညာရေးစနစ် ကျင့်သုံးမည်ဖြစ်သောကြောင့် စာသင်ချိန် တိုးမြှင့်နိုင်ရန် နွေရာသီကျောင်းပိတ်ချိန်ကို တစ်လလျှော့ချမည်ဟု ပညာရေးမြှင့်တင်မှု အကောင်အထည် ဖော်ရေးကော်မတီအဖွဲ့ဝင် အမျိုးသားအဆင့်ပညာရေးကျွမ်းကျင် ပညာရှင် ဦးတင်လှိုင်က မဇ္ဈိမကို ပြောသည်။

“စာသင်ချိန် တိုးလိုက်တာ ကျောင်းသားတွေအတွက်ပါပဲ။ စာသင်ချိန်တိုးတော့ကော ဘာဖြစ်လာမှာလဲ ပြောလာကြပါလိမ့်မယ်။ မူတစ်ခုချမှတ်တာကို ကျောင်းသားမိဘတွေ စောင့်ကြည့်စေချင်ပါတယ်။ ပညာရေးပြောင်းလဲမှုလုပ်တာ နိုင်ငံနဲ့လူမျိုး ကောင်းလာဖို့ပါ”ဟု ၎င်းက ပြောသည်။

10-exam

မြန်မာနိုင်ငံကို ဘက်စုံလွှမ်းခြံုနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း(CESR) အတွဲ(၂) အစီရင်ခံစာမူကြမ်းပါ အခြေခံပညာသင်ကျောင်းများ၏ စာသင်နှုန်း လေ့လာချက်အရ တစ်နှစ်လျှင် ၁၈၅ ရက်သာ စာသင်ချိန်ရှိပြီး အားလပ်ရက်များ ပိတ်ပေးခြင်း၊ အခါကြီးရက်ကြီးများကို ပိတ်ပေးခြင်းများကြောင့် စာသင်ချိန် လျော့နည်းသည့်အတွက် အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက စာသင်ရက်တစ်လကျော် ကွာဟ နေသည်ဟု ၎င်းက ဆိုသည်။

ထို့အတွက်ကြောင့် သင်ရိုးညွှန်းတမ်းများကို လအလိုက် ပြီးပြတ်စွာ သင်ကြားနိုင်စေရန် လအလိုက် သင်ရိုးများ ပြင်ဆင်ပြီး ကျောင်းတက်ချိန် တစ်လတိုးမြှင့်ကာ နွေရာသီကျောင်းပိတ်ရက် သုံးလအစား နှစ်လသာ ပိတ်ပေး တော့မည်ဖြစ်သည်။

လာမည့်စာသင်နှစ်မှစ၍ ၂၀၁၅ခုနှစ် ဇွန်လမှ ၂၀၁၆ ခုနှစ်၊ ဧပြီလအထိ သူငယ်တန်းမှ ဆယ့်နှစ်တန်းပညာ ရေးစနစ်အထိ သင်ကြားရမည် ဖြစ်ပြီး နိုင်ငံတကာပညာရေးပိုင်း တူညီလာသောကြောင့် ကျောင်းများ၏ စာသင်ချိန် ပိုမိုတိုးမြှင့်ရခြင်းဖြစ်သည်ဟု ဦးတင်လှိုင်က ဆိုသည်။

အဆိုပါ ဆယ့်နှစ်တန်းပညာရေးစနစ် ပီပြင်စေရန် တိကျသည့် စီမံကိန်းများ၊ ကျောင်းများတွင် လိုအပ်သော သင်ထောက်ကူပစ္စည်းများ၊ အငြင်းပွားစရာမရှိသည့် သင်ရိုးညွှန်းတမ်းများ၊ အရည်အချင်း ပြည့်ဝသော ဆရာ၊ ဆရာမ အင်အားလုံ လောက်စွာ ဖြည့်တင်းရေးနှင့် ဆရာ၊ ဆရာမ သင်ကြားရေးဆိုင်ရာ အထောက်အကူပြု သင်တန်းများကို အစိုးရက ဦးစားပေးဖြည့် ဆည်းပေးရေးအတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများပါ၀င်သည့် အကောင်အထည်ဖော်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပေးမည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကော်မတီ ဗဟိုအလုပ်မူဆောင် ဦးဟန်သာမြင့်က “အစိုးရအနေနဲ့ ပညာရေး ပြုပြင်တဲ့အခါ မိဘတွေ၊ ကျောင်းသားတွေနဲ့ အရပ်ဘက်ပညာရေး အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး သင့်ပါတယ်။ အဲဒါမှ အားလုံးရဲ့ ဆန္ဒဟာ ဘာလဲဆိုတာ သိမှ ပညာရေးလုပ်ငန်းဖော်ဆောင်ရာမှာ အကျိုးရှိ စေမှာပါ။ စာသင်ချိန်တိုးခြင်းထက် ဘယ်လိုသင်ရင် အဆင်ပြေမလဲဆိုတာသာ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

Most read this week