အပစ်ရပ် ဝေါဟာရအချို့တိုင်းရင်းသားတို့ ပြန်ပြင်

အပစ်ရပ် ဝေါဟာရအချို့တိုင်းရင်းသားတို့ ပြန်ပြင်
by -
မဇ္စျိမ

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ဒုတိယမူကြမ်းအပေါ် ထိပ်သီးခေါင်းဆောင်တို့ ချမှတ်ထားသည့် လိုင်ဇာလမ်းညွှန်ချက်များနှင့် မသွေဖည်စေဘဲ ဝေါဟာရအချို့ ပြင်ဆင်ရေးသားခဲ့သည်ဟု တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCT ၏ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။

၎င်းက “ကျွန်တော်တို့ သုံးသပ်တာပါ။ ဖြည့်စွက်တာတော့ မရှိဘူး။ ဒါပေမဲ့ ပြင်ဆင်ရေးသားတာတော့ ရှိတယ်”ဟု ပြောသည်။ ယင်းကို NCCT အဖွဲ့က ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် သြဂုတ် ၉ ရက်မှ ၁၂ ရက်အထိ ဆွေးနွေးမှုများအတွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Peace-negotiation-in-laiza

ထို့ပြင် သြဂုတ် ၁၅၊ ၁၆ ရက် ရန်ကုန်မြို့၊ မြန်မာငြိမ်းချမ်းရေးစင်တာ MPC ၌ အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်း ရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် ယင်းအရေးဆွေးနွေးရန် စီအစဉ်များကိုလည်း MPC ကိုယ်စားလှယ်များနှင့် တစ်ပါတည်း အကြိုညှိနှိုင်းခဲ့သည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက မဇ္ဈိမကို ပြောသည်။

UPWC နှင့် NCCT တို့အကြား အပစ်အခတ်ရပ်စဲရေးစာချုပ်ပါ ဝေါဟာရအချို့ကို သဘောကွဲလွဲနေ ဆဲပင်ဖြစ် သည်။

“တိုင်းရင်းသားအားလုံးနဲ့တန်းတူ အခွင့်အရေးရှိတယ်ဆိုတဲ့ ခံယူချက်နဲ့ သွားမယ်ဆိုတဲ့ စာသားကို အစိုးရက ပယ်ဖျက်ဖို့ဆိုတဲ့ သဘောမျိုးတွေ ပြန်ပါလာတာ တွေ့ရတယ်”ဟ ုNCCT  ဒုတိယခေါင်းဆောင်ဗိုလ်ချုပ်ဂွမ် မော်က ပြောသည်။

ထို့ပြင် NCCT ဘက်မှ ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်စနစ်အရ တည်ဆောက်သွားရန် တင်ပြထားမှုအပေါ် ဖက်ဒရယ်ဟူသော စာသားကို အစိုးရဘက်က ပယ်ဖျက်လိုခြင်းနှင့် “နိုင်ငံရေးပူးတွဲ ဦးဆောင်ကော်မတီဖွဲ့ စည်းရေး”ကို “နိုင်ငံရေးပူးတွဲ စောင့်ကြည့်ရေး”ဟူသော သဘောသက်ရောက်နေသဖြင့် ကွဲလွဲမှုရှိနေသည်ဟု တိုင်းရင်းသားတို့က ပြောသည်။

“မတူညီတာတွေရှိတယ်။ ဒါက ကျွန်တော်တို့ ပြန်ညှိရမှာပေါ့။ ဖက်ဒရယ်ဆိုတာက ဆက်ညှိရဦးမယ်။ ကြားကာလ အစီအစဉ်က အစိုးရဘက်က ဘာမှမပါတာ။ ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေး လုပ်နေတဲ့နောက်ပိုင်း နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုလုပ်နေတဲ့ကာလ၊ နိုင်ငံရေးအရ သဘောတူညီမှုမရှိသေးတဲ့အချိန် ကြားကာလမှာ တိုင်းရင်းသားတွေ ရပ်တည်မှုအတွက် ဒါတွေက လိုအပ်တဲ့ အစီအစဉ်တွေ မတူညီဘူး”ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။

မကြာမီ ထပ်မံတွေ့ဆုံမှုတွင် အမြင်ကွဲမှုများ မဖြေရှင်းနိုင်ပါက အပစ်ရပ်စာချုပ်ချုပ်ဆိုရေး ဆက်လက်လုပ် ဆောင်ရန် NCCT အဖွဲ့ လေးရက်ကြာ အစည်းအဝေးပထမနေ့တွင်ပင် ဆုံးဖြတ်ထားသည်ဟု ဗိုလ်ချုပ်ဂွန်မော်က ပြောသည်။