မဆိုင်သည့် ကတိများတောင်းခြင်းက အပစ်ရပ်လုပ်ငန်းစဉ်ကို နှောင့်နှေးစေဟု ဆွစ်ဇာလန်မှ ညှိနှိုင်းရေးကျွမ်း ကျင်သူ ဆို

မဆိုင်သည့် ကတိများတောင်းခြင်းက အပစ်ရပ်လုပ်ငန်းစဉ်ကို နှောင့်နှေးစေဟု ဆွစ်ဇာလန်မှ ညှိနှိုင်းရေးကျွမ်း ကျင်သူ ဆို
by -
မဇ္စျိမ

အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းနေစဉ် ကာလတွင် ဆွေးနွေးရန်မလိုသည့် အချက်များ ထည့်သွင်းဆွေးနွေးခြင်းမှာ ရှေ့လုပ်ငန်းစဉ်များသွားရန် နှောင့်နှေးစေသည်ဟု ဆွစ်ငြိမ်းချမ်းရေး (Swiss Peace) မှ အကြီးတန်း စေ့စပ်ညှိနှိုင်းရေးမှူး ဒေါက်တာ ဂျူလီယံသောမတ် ဟော့တင်ဂါးက သတိပေးပြောဆိုလိုက်သည်။

၎င်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အလုပ်လုပ်ကိုင်နေသည်မှာ ၂၆ နှစ် ကျော်ရှိပြီး ငြိမ်းချမ်းရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးတွင် ကျွမ်းကျင်သည့် ဆွစ်ငြိမ်းချမ်းရေးအဖွဲ့ (Swiss Peace)မှ အကြီးတန်း အဆင့်ရှိသူဖြစ်သည်။

ဒေါက်တာ ဂျူလီယံ သောမတ်ဟော့တင်ဂါးက “နိုင်ငံရေးအရ အာမခံချက်တွေနဲ့ အပစ်ရပ်စဲစဉ် တင်ပြလာတဲ့ ကိစ္စရပ်တွေထဲမှာ အပစ်ရပ်ကိစ္စမဟုတ်ဘဲ ရှေ့လာမယ့် လုပ်ငန်းစဉ်တွေက အချက်အလက်တွေကို တောင်းဆို တာတွေက အလုပ်မဖြစ်ပါဘူး။ အပစ်ရပ်ရေးကို နှောင့်နှေးစေပါတယ်”ဟု ဆိုသည်။

အပစ်အခတ် ရပ်စဲရေးအဆင့်တွင် အပစ်ရပ်ရေးကိစ္စရပ်များသာ ပြောဆိုသင့်ပြီး အဆင့်ကျော်၍ ကတိကဝတ် တောင်းဆို ခြင်းများမှာ ဆွေးနွေးနေသည့် အဖွဲ့နှစ်ဖွဲ့သော်လည်းကောင်း၊ ဘက်နှစ်ဘက်သော်လည်းကောင်း မယုံသင်္ကာမှုများ ရှိနေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

“ဒီလိုတွေ ဆက်ဖြစ်နေမယ်ဆိုရင်တော့ တစ်ဖက်နဲ့တစ်ဖက် မယုံကြည်မှု ပိုကြီးမားစေနိုင်တယ်။ ကျွန်တော် အကြံပြုချင်တာက အပစ်ရပ်ရေးမှာ တစ်ခုခုကိုတော့ အာမခံချက် ပေးရမယ်။ ပြီးတော့ ဆက်ပြီး ဆွေးနွေးရမယ်၊ ရပ်မနေသင့်ဘူး”ဟု အကြံပြုသည်။

အပစ်ရပ်ရေးနှင့်ပတ်သက်၍ နှစ်ဖက်အဖွဲ့များကြားတွင် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေများ၌ အဖွဲ့အစည်းများကြား ယုံကြည်မှုဆိုင်ရာကိစ္စရပ်ဖြစ်ပါက ကော်မတီတစ်ခုဖွဲ့ကာ ဆုံးဖြတ်ချက်များ ရယူသင့်ပြီး အချက်အလက်ဆိုင်ရာ ကိစ္စရပ်ဖြစ်ပါက အချိန်ယူညှိနှိုင်းသင့်သည်ဟု ဆိုသည်။

ဆွေးနွေးမှုများ ပြုလုပ်နေစဉ် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ခြင်းကြောင့် အပစ်ရပ်ဆွေးနွေးမှုပေါ်တွင် ယုံကြည်မှုလျော့နည်းသည်ဟုလည်း တိုင်းရင်းသားခေါင်းဆောင်များဘက်က ပြောဆိုမှုများရှိခဲ့သည်။

ထို့ပြင် တိုင်းရင်းသားခေါင်းဆောင်အချို့က အပစ်ရပ်လက်မှတ်ထိုးပြီးနောက် မိမိတို့တောင်းဆိုထားသည့် ဖက်ဒရယ်ပြည်ထောင်စု စနစ်၊ ဖက်ဒရယ်တပ်မတော်တို့ကို အကောင်အထည်မဖော်မည်ကို စိုးရိမ်သဖြင့် အပစ်ရပ်အဆင့်တွင် ထည့်သွင်းပြောဆိုခြင်းများလည်းပြုခဲ့သည်။

လက်ရှိ အပစ်ရပ်ရေးမူကြမ်းတွင် အချက်ပေါင်း ၁၂၁ ချက်ရှိပြီး အပစ်ရပ်ရေးနှင့်ဆိုင်သည့် အချက်များသာမက နိုင်ငံရေး ဆွေးနွေးပွဲတွင် အကောင်အထည်ဖော်မည့် ကတိကဝတ်အချို့ကိုလည်း ထည့်သွင်းထားသည်။

တိုင်းရင်းသားတို့ စိုးရိမ်မှုအပေါ်တွင် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီမှ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းက “တိုင်းရင်းသားတို့လိုချင်တဲ့ အချက်အလက်တွေကို မစိုးရိမ်ပါနဲ့၊ နိုင်ငံရေးဆွေးနွေးပွဲကျရင် ခွဲထွက်ရေးကလွဲလို့ အားလုံးကို လုပ်ဆောင်ညှိနှိုင်းကြပါမယ်”ဟု ဆွေးနွေးပွဲများတွင် ကတိပြုမှုများရှိခဲ့သည်။

ဟော့တင်ဂါး၏ ပြောဆိုချက်များနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်က “အရင်က အပစ်ရပ်မှာ အပစ်ပဲ ရပ်ခဲ့တယ်၊ နိုင်ငံရေးကို ညီလာခံမှာ ဆွေးနွေးဆိုပြီး ဖိတ်ခေါ်တယ်။ အဲဒီနောက် ညီလာခံရောက်တော့ ဆွေးနွေးခွင့်လည်း မရခဲ့တဲ့ သာဓကတွေရှိတယ်။ ဒါ့ကြောင့် တိုင်းရင်းသားခေါင်း ဆောင်တွေအနေနဲ့ နိုင်ငံရေးအတွက် အာမခံချက်ကတော့ အပစ်ရပ်မှာ ယူဖို့ကြိုးစားကြတယ်”ဟု မှတ်ချက် ပြုသည်။

ဒေါက်တာ ဂျူလီယံဟော့တင်ဂါးမှာ ဆူဒန်၊ အင်ဒိုနီးရှား အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာနိုင်ငံများ ၏ ငြိမ်းချမ်းရေးညှိနှိုင်းရေး လုပ်ငန်းစဉ်များတွင် ပါ၀င်ခဲ့သူဖြစ်သည်။

Most read this week