ဓမ္မစေတီခေါင်းလောင်းရှိနိုင်သည့် နေရာမှ နုန်းများဆယ်ယူ ရေငုပ်သမား ဆယ်ဦးသုံးထားပြီး သုံးရက်အတွင်း ပြီးနိုင်ဟုဆို

ဓမ္မစေတီခေါင်းလောင်းရှိနိုင်သည့် နေရာမှ နုန်းများဆယ်ယူ ရေငုပ်သမား ဆယ်ဦးသုံးထားပြီး သုံးရက်အတွင်း ပြီးနိုင်ဟုဆို
by -
မဇ္စျိမ

ဓမ္မစေတီခေါင်းလောင်းရှိနိုင်သည်ဟု ယူဆထားသည့်နေရာတွင် ဆောင်ရွက်နေသည့် နုန်းဆယ်ယူခြင်း လုပ်ငန်းများ သုံးရက်အတွင်း ပြီးစီးနိုင်မည်ဟု ခေါင်းလောင်းဆယ်ယူရေးအဖွဲ့မှ  ဦးဝင်းမြင့်က သြဂုတ် ၁၁ ရက်တွင် မဇ်္စျိမကို ပြောသည်။

ပဲခူးမြစ်၊ ရန်ကုန်မြစ်နှင့် ပုဇွန်တောင်ချောင်းတို့ ဆုံရာနေရာ သာကေတမြို့နယ်၊ ရှုခင်းသာပန်းခြံအဟောင်းအနီး ရေပြင်တွင် ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးလုပ်ငန်းများကို သြဂုတ် ၁၀ရက်တွင် စတင်နေခြင်းဖြစ်သည်။

“ယခင်နေရာအတိုင်းမှာပဲ ရှိနေတာပါ။ အခုက အဲဒီပေါ်မှာ နုန်းတွေ တော်တော်တက်နေတယ်။ အဲဒါကို ဖယ်နေတာ သုံးရက်လောက်နေရင်တော့ ပြီးနိုင်တယ်၊ အဲဒါတွေပြီးရင်တော့ ကြိုးချည်နိုင်မယ်ထင်ပါတယ်။ အဲဒီအပိုင်းဆိုရင်တော့ နိုင်ငံတော်ပိုင်းကို လွှဲတော့မှာပါ”ဟု ဦးဝင်းမြင့်က ပြောသည်။

သြဂုတ် ၁၀ရက်တွင် လေးကြိမ်နှင့် ၁၁ရက်တွင် နေ့လယ် ၁၂ နာရီနှင့် ညနေ လေးနာရီတွင် တစ်ကြိမ်ထူးကဲ ဒီရေတက်ရောက်ချိန်တွင်လည်း နုန်းဆယ်ယူခြင်းများကို ဆောင်ရွက်နေသည်ဟု ဦးဘိုးဝင်းမြင့်က ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ဇူလိုင် ၁၄ ရက်တွင် ခေါင်းလောင်းကြီး ဆယ်ယူရန် ခွင့်ပြုပေးခဲ့သဖြင့် ရေငုပ်သမား ဆယ်ယောက်နှင့် သောင်တူးစက်တို့ကို အသုံးပြု၍ ဆယ်ယူနေသည်ဟု ဦးဝင်းမြင့်က ပြောသည်။ သာကေတ ရှုခင်းသာပန်းခြံအနီး ဘိုးလင်းအားကစားရုံ အနောက်ကမ်းနားတစ်လျှောက်တွင်မူ ကြည့်ရှုသူများဖြင့် စည်ကားနေသည်။

“ကျွန်မတို့က ဒလက လာကြည့်တာပါ။ ခေါင်းလောင်းဆယ်နေတယ်ဆိုလို့”ဟု ခေါင်းလောင်းဆယ်ယူရာသို့ လှမ်းမြင်နိုင်သည့် ဘိုးလင်းအားကစားရုံသို့ မိသားစုနှင့်တစ်ကွ လာရောက်ကြည့်ရှုသူ ဒလမြို့နေ့ အသက် ၄၀ကျော် အမျိုးသမီးက ဆိုသည်။

လာရောက်ကြည့်ရှုသူများကို ဆယ်ယူသည့် နေရာအနီးတစ်ဝိုက်သို့ လူတစ်ဦးလျှင် တစ်ထောင်မှ တစ်ထောင့်ငါးရာနှုန်း ကောက်ခံပြေးဆွဲပေးနေသည့် စက်လှေများလည်း ပြေးဆွဲသည်အထိ ယင်းနေရာတွင် စည်ကားနေသည်။

 “လာတာကြည့်တာပါ တကယ်ကောရှိနိုင်ပါမလားဆိုတာတော့ ဘယ်သူမှမသိနိုင်ပါဘူး။ အခုတော့ အဝေးကြီးကဆိုတော့ ဘာတွေလုပ်တာလဲဆိုတာကိုလည်း သေချာမသိပါဘူး။ ဒီဘက်ကို ကားငှားလာတော့ ပါလာရင်းနဲ့ ကြည့်လိုက်တာ”ဟု တက္ကစီယာဉ်မောင်း ဦးအောင်သိန်းက ဆိုသည်။

ခေါင်းလောင်းရှိသည်ဟု ယူဆထားသည့်နေရာတွင် အစိမ်းရောင် ငုတ်တိုင်တစ်ချောင်းကို စိုက်ထူထားပြီး ရေလမ်းကြောင်း အမှတ်အသား ဘောလုံးများချ၍ ကာရံထားသည်။

ကြေးပိဿာချိန်ပေါင်း  ၁၈၀,၀၀၀ ရှိသည့် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းများမှ တစ်လုံးဖြစ်သော ဓမ္မစေတီ ခေါင်းလောင်းကို ပေါ်တူဂီလူမျိုး ငဇင်ကာက ရွှေတိဂုံစေတီမှ သန်လျင်သို့ ပင့်ဆောင်စဉ် ၁၆၁၂ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်တွင် နစ်မြုပ်ခဲ့သည်ဟု သမိုင်းမှတ်တမ်းများက ဆိုသည်။

အစိုးရများက လေးကြိမ်တိုင် ဆယ်ယူခဲ့သော်လည်း မအောင်မြင်ခဲ့ဟု ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ယဉ်ကျေးမှုဝန်ကြီးဌာနက ပြောဖူးသည်။

Most read this week