မြန်မာအမျိုးသမီးများနှင့် ဆော်ဒီများ လက်ထပ်ခွင့်မရှိ

မြန်မာအမျိုးသမီးများနှင့် ဆော်ဒီများ လက်ထပ်ခွင့်မရှိ
by -
မဇ္စျိမ

ဆော်ဒီအာရေဗျနိုင်ငံသား အမျိုးသားများကို မြန်မာအပါ၀င် ချက်ဒ်၊ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံသူ အမျိုးသမီးများနှင့် လက်ထပ်ထိမ်းမြားခွင့်ပြုတော့မည်မဟုတ်ဟု ဆော်ဒီနေ့စဉ်သတင်းစာ (Makkah) ကို ကိုးကားပြီး မော်ရိုကိုကမ္ဘာ့သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံပြင်ပတွင် ဆော်ဒီအာရေဗျနိုင်ငံသားများ အိမ်ထောင်ပြုမည်ဆိုပါက တင်းကျပ်သည့် စည်းမျဉ်းအရ တရားဝင် လုပ်ထုံးလုပ်နည်းများအတိုင်း ခွင့်ပြုမိန့် တောင်းရန်လိုအပ်သည်ဆိုသော ရဲတပ်ဖွဲ့မှ ညွှန်ကြားရေးမှူး၏ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြထားခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးများကို လက်ထပ်ခြင်းမပြုရန် စည်းမျဉ်းထုတ်လိုက်ခြင်းမှာ ဆော်ဒီအစိုးရ၏မူဝါဒဖြစ် သည့်အတွက် မှတ်ချက်မပြုလိုဟု မျိုးစောင့်ဥပဒေပြဋ္ဌာန်းရန် ကြိုးပမ်းနေသူ မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက်္ခိတအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဓမ္မစက္ကဦးမောင်မောင်က မဇ္ဈိမကို ပြောသည်။

သို့သော် “ဒါတွေက ခွဲခြားတဲ့အတွေးအခေါ်တွေနဲ့ ထုတ်တာဖြစ်နိုင်သလို ဒီနိုင်ငံတွေအပေါ်မှာ မကြည်တာ ဖြစ်ကောင်း ဖြစ်နိုင်တာပေါ့”ဟု ၎င်းက မှတ်ချက်ပေးကာ “ကျွန်တော်တို့ကတော့ ရှင်းရှင်းပြောရင် ဒီလိုလုပ်လေလေ၊ ကြိုက်လေလေပေါ့”ဟု ဆိုသည်။

မြန်မာမွတ်စလင်အမျိုးသားရေးရာ အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကျော်ခင်ကမူ “သူ့နိုင်ငံရဲ့သဘော ထားပဲ ဖြစ်မှာပေါ့။ ဒီနိုင်ငံတွေရဲ့အပေါ်မှာ နိုင်ငံရေးအမြင် မကြည်မှုတွေရှိနေတာကြောင့် ထုတ်တာဖြစ်ပါလိမ့်မယ်”ဟု ပြောသည်။

ယခုကဲ့သို့ လက်ထပ်မှုအပေါ် တင်းကျပ်တားဆီးထားခြင်းနှင့်ပတ်သက်ပြီး ဆော်ဒီအစိုးရဘက်ကမူ တစ်စုံတစ်ရာထုတ်ပြန်ရှင်းလင်းခြင်း မရှိသေးဟု မော်ရိုကိုသတင်းတွင် ဖော်ပြထားသည်။

ယင်းအပြင် စည်းမျဉ်းစည်းကမ်းများထဲ၌ ဇနီးမောင်နှံအကြား အသက်ကွာခြားချက်မှာ ၂၅နှစ်ထက် ကျော်လွန်ခြင်း မရှိရဟု သတ်မှတ်ထားသည်ဟု သတင်းက ဆိုသည်။ မော်ရိုကို ကမ္ဘာ့သတင်းအဆိုအရ ဆော်ဒီအမျိုးသားများသည် ဆော်ဒီအာရေဗျ သို့မဟုတ် ပင်လယ်ကွေ့နိုင်ငံပြင်ပတွင် လက်ထပ်ရန်ရှိပါက အစိုးရကော်မတီသို့ လျှောက်လွှာတင်ရန် လိုအပ်ပြီး ယင်းကော်မတီထံမှ ခွင့်ပြုခြင်း၊ သို့မဟုတ် ပယ်ချခြင်းကို သိရှိနိုင်ရန် အချိန်ကာလကြာရှည်စွာ စောင့်ဆိုင်းရမည်ဖြစ်သည်။

Most read this week