မူလွန်ကျောင်းဆောက်မည့်မြေကို ကျူးကျော်လယ်ယာလုပ်သူအား တိုင်ကြားသော်လည်း အရေးယူမှုမရှိသေး

မူလွန်ကျောင်းဆောက်မည့်မြေကို ကျူးကျော်လယ်ယာလုပ်သူအား တိုင်ကြားသော်လည်း အရေးယူမှုမရှိသေး
by -
မဇ္စျိမ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ လွဲမွန်ကျေးရွာအုပ်စု၊ နန့်ပတဲကျေးရွာရှိ မူလွန် စာသင်းကျောင်း ဆောက်လုပ်မည့် မြေပေါ်တွင် ကျူးကျော်ကာ လယ်ယာလုပ်ကိုင်နေသူကို ဒေသခံများက ၂ဝ၁၄ခုနှစ် မတ်လက သက်ဆိုင်ရာ အာဏာပိုင်းများထံ တိုင်ကြားထားသော်လည်း ယခုအချိန်ထိ အရေးယူမှု မရှိသေးဟု ရပ်မိရပ်ဖ ဦးထွန်းချိုက မဇ္စျိမကို ပြောသည်။

"ဘယ်လိုပြောပြော မဖယ်ပေးဘူး။ မြို့နယ်အမိန့်စာ မချမချင်း မဖယ်ပေးဘူးလို့ပြောတယ်။ ကျွန်တော်တို့မှာ အားကိုးစရာမရှိဘူး တိုင်တာလဲ အာဏာပိုင်တွေက လာစစ်ပေးတာမရှိဘူး "ဟု ဦးထွန်းချိုက ဆိုသည်။

မြေပေါ်တွင် ကျူးကျော်၍ လယ်ယာလုပ်နေသူသည် လွန်ခဲ့သည့် ၆နှစ်ခန့် (၂ဝဝ၈ ခုနှစ်ခန့်)က နန့်ပတဲကျေးရွာ ရှိ မူလတန်းကျောင်းတွင် ကျောင်းဆရာ ဘဝဖြင့် ရောက်ရှိလာ၍ ကျေးရွာဒေသခံများက ရွာပိုင်မြေပေါ်တွင် နေထိုင်ရန် ပေးထားခဲ့သည်။ ကျောင်းဆရာ ဦးအောင်သန်းမှာ မူလတန်းကျောင်းတွင် နှစ်နှစ်ခန့် အလုပ်လုပ်ခဲ့ပြီး နောက်ပိုင်းတွင် ယင်းမြေပေါ်တွင် ခြံစည်းရိုးခတ်ကာ လယ်ယာထွန်ယက်စိုက်ပျိုးခဲ့ပြီး လက်ရှိတွင် ၁ဝဧကအထိ ရှိနေပြီဟု ဒေသခံများက ပြောသည်။

ရပ်ရွာဒေသခံများက ဦးစီးကာ ထိုမြေပေါ်တွင် ရွာမူလွန်ကျောင်းဆောက်ရန် မိုးညှင်းမြို့နယ် စည်ပင်သာယာ ရေးဦးစီးဌာနကို စာတင်ရာ ဆောက်လုပ်ခွင့်ကျခဲ့သဖြင့် ဖယ်ရှားပေးရန် သွားရောက်ပြောကြားသော်လည်း ဖယ်မပေးသဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။      

"မင်းတို့ ဘယ်လိုပဲတိုင်တိုင် မြို့နယ်က လူကြီးတွေက ငါ့အမျိုးတွေ ပိုက်ဆံပေးထားတယ်လို့ဦးသန်အောင်က ပြော တယ်"ဟု ဒေသခံ ဦးသန်းဌေးအောင်က မဇ္စျိမကို ပြန်လည်ပြောသည်။

ဒေသခံများက ကျူးကျော်နေထိုင်သူအား ဖယ်ရှားပေးရန် မိုးညှင်းမြို့နယ်ရှိ ကြံ့ခိုင်ရေးရုံး၊ မြေစာရင်းရုံး၊ အင်းတော်ကြီးဒေသစခန်းမှူး၊ လုံးတုံရဲစခန်း၊ မိုးညှင်းအုပ်ချုပ်ရေးမှူးရုံး(လွဲမွန်)၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၊ အုပ်စုအုပ်ချုပ်ရေးမှူးရုံးများသို့ တိုင်းကြားခဲ့သည်။ တိုင်ကြားပြီး တစ်ပတ်ခန့်အကြာတွင် မြို့နယ်မြေစာရင်းရုံးမှ တာဝန်ရှိသူအချို့က လာရောက်စစ်ဆေးခဲ့ပြီးနောက်တွင် ယနေ့အချိန်ထိ ထူးခြားမှု တစ်စုံတစ်ရာ မရှိတော့ပေ။

ယင်းကိစ္စနှင့် ပတ်သက်၍ မဇ္စျိမက လုံးတုံရဲစခန်းသို့ ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုသော်လည်း ပြန်မဖြေခဲ့ပေ။ မိုးညှင်းမြို့နယ် မြို့မရဲစခန်းကို ဆက်သွယ်ရာ တာဝန်မှူးက "မြေကိစ္စက လာတိုင်တာမဟုတ်ဘူး။ လာတင်ပြ ထားတာ ကျွန်တော်တို့ရုံးက ရာဇဝတ်နဲ့ပဲဆိုင်တယ်။ မြေစာရင်းရုံးက စစ်ဆေးရမှာ မြေကိစ္စ ရဲကကြားညပ် သွားမယ်။ ရဲကဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ တစ်ချို့ဟာတွေ သိသိကြီးနဲ့လုပ်မရဘူး"ဟု ပြန်လည်ဖြေကြားခဲ့သည်။