တောင်ကုတ်တွင် အသက်(၁၄) နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး ရေစီးနှင့်မျောပါ သေဆုံး

တောင်ကုတ်တွင် အသက်(၁၄) နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး ရေစီးနှင့်မျောပါ သေဆုံး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ ကျေးရွာ တစ်ခုတွင် အသက် (၁၄) နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး တံတားကို ဖြတ်ကူးစဉ် ရေစီးနှင့်မျောပါသွားပြီး ရေနစ်သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။

“ သေဆုံးသွားတာက အေးသာယာကျေးရွာက အေးမြကြည် အသက် (၁၄) နှစ် (ဘ) ဦးကျော်ဝင်း ဖြစ်ပါတယ်” ဟု တောင်ကုတ်ရဲစခန်းမှ အတည်ပြုပြောကြားသည်။

သေဆုံးသွားခဲ့ရပုံကိုလည်း ယခုလို တာဝန်ရှိ ရဲအရာရှိက ယခုလို ပြောသည်။

“ ရေနစ်သေတာက သြဂုတ်လ ၆ ရက်နေ့ နံနက် ၈ နာရီ ၃၀ ခန့်မှာပါ။ အမေနဲ့ စျေးဝယ်ဖို့အသွား တံတား အကူးမှာ ရေစီးနဲ့ မျောပါသွားပြီး နောက်ပိုင်းမှာ ရေနစ်သေဆုံးသွားတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

သေဆုံးသူ မိန်းကလေးအလောင်းအား ယမန်နေ့ကပင် ဆယ်ယူရရှိခဲ့သည်ဟု သိရသည်။

တောင်ကုတ်တွင် ယမန်နေ့က ရေကြီးခဲ့ပြီး မြေနိမ့်ပိုင်းရပ်ကွက်အချို့ကို ရေနစ်မြုပ်ခဲ့ကြောင်း၊ ယနေ့တွင် ရေပြန်ကျသွားပြီ ဖြစ်ကြောင်း ရဲတာဝန်ရှိသူက ပြောကြားသည်။

သံတွဲတွင်လည်း ရေကြီးမြေပြိုကျမူကြောင့် အနည်းဆုံး လူ (၃) ဦးသေဆုံးကြောင်း သတင်းထွက်ပေါ်နေရာ ၎င်းသတင်းမှာ မဟုတ်မှန်ကြောင်း သံတွဲရဲတပ်ဖွဲ့က ငြင်းဆိုသည်။

“ သူဌေးချောင်းစီမံကိန်းဆည်ကျိုးပြီး လူ (၃) ဦးသေသွားတဲ့ သတင်း မဟုတ်မှန်ပါဘူးခင်ဗျား။ ရေကြီးတာ မှန်ပေမယ့် လူသေဆုံးတာ မရှိပါဘူး” ဟု သံတွဲရဲစခန်းသို့ ယနေ့နံနက် ၉ နာရီက နိရဥ္စရာက ဆက်သွယ်မေးစဉ် တာဝန်ရှိသူက ဖြေကြားသည်။

ရေကြီးမူကြောင့် သံတွဲတွင် မြေနိ်မ့်ပိုင်းမှ မိသားစု (၃၀) ခန့်ကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းထားရသည်ဟု ရဲအရာရှိက ပြောကြားသည်။

Most read this week