တပ်သိမ်းမြေယာများအတွက် လမ်းမပေါ် စာရေး ဆန္ဒဖေါ်ထုတ်

တပ်သိမ်းမြေယာများအတွက် လမ်းမပေါ် စာရေး ဆန္ဒဖေါ်ထုတ်
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်အတွင်း တပ်သိမ်းလယ်ယာမြေများရှိသည့် မြို့များဘက်တွင် လမ်းမပေါ်မှာ စာရေး ဆန္ဒဖေါ်ထုတ်မှုများကို တွေ့ရကြောင်းဒေသခံများ အပြောအရ သိရသည်။

၎င်းဆန္ဒထုတ်ဖေါ်မှုမှာ လမ်းမပေါ်တွင် သင်္ဘောဆေး အနီရောင်ဖြင့် “တပ်သိမ်းမြေအလိုမရှိ" " တပ်သိမ်းမြေ အခုရပ်၊" " ဒီမြေသည် တို့မြေတပ်မြေအလိုမရှိ၊" "ဆူပူမှုများမဖြစ်ပွားရန် တပ်သိမ်းမြေများ ပြန်ပေးပါ” ဟုရေးသားထားကြောင်း သိရသည်။

“တွေ့တာဒီမိုးလင်းမှတွေ့တယ်လေ။ မနေ့ကမရှိဘူး။ ဒီညမှဟိုဟာ ဖြစ်ပြီးတော့ ဒီမနက်မှ တွေ့ကြတာ။ အရင်ကဒါ မျိုးတစ်ခါမှ မဖြစ်ဖူးဘူးပဲ။ ဒီမနက်မှ စတွေ့တာ။” ဟုဒေါတမရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ စာရေးဆန္ဒဖော်ထုတ်မှုများကို လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ မိုးဗြဲ လမ်းမကြီးများပေါ်တွင် တွေ့ရပြီး ဆန္ဒဖေါ်ထုတ်သူများမှာ မည်သူမည်ဝါဖြစ်ကြောင်းကိုမူ မသိရကြောင်း ဒေသခံများက ဆိုသည်။

ထိုဆန္ဒဖေါ်ထုတ်သော စာများကို နံနက် (၁၀း၁၅) အချိန်တွင် မြိ့နယ် ရဲစခန်းမှူးရုံးမှ အရာရှိရဲတစ်ဦးနှင့် အရာတမ်းငယ် ရဲတစ်ဦးက ပြန်လည်ဖျက်ပစ်ခဲ့ပြီး ယင်းဆန္ဒဖော်ထုတ်မှုတွင် ပါ၀င်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများအဆိုအရ သိရသည်။

ကယားပြည်နယ်တွင် စစ်တပ် မှသိမ်းယူထားသော မြေယာများစွာရှိသည့်အနက် စစ်တပ်မှ အနည်းငယ် ပြန်လည်စွန့်လွတ်သည့် မြေယာ ၂၅၂၃ ဧက ကို ပြီးခဲ့သော ဇွန်လတွင် မူလပိုင်ဆိုင်သူ တောင်သူများထံ ယာယီပြန်လည် လွဲပြောင်းပေးခဲ့သည်။