တပ်စွန့်လွှတ်မြေ ယာယီမှတ်ပုံတင်မှ လုပ်ပိုင်ခွင့်မှတ်ပုံတင်လက်မှတ် ပြောင်းလဲပေးအပ်

တပ်စွန့်လွှတ်မြေ ယာယီမှတ်ပုံတင်မှ လုပ်ပိုင်ခွင့်မှတ်ပုံတင်လက်မှတ် ပြောင်းလဲပေးအပ်
by -
ကန္တာရဝတီတိုင်း(မ်)

တပ်စွန့်လွှတ်မြေများကို ပြည်သူထံပြန်လည်လွှဲအပ်ရာတွင် ယာယီမှတ်ပုံတင်လက်မှတ်ပေးရာမှ လယ်ယာမြေ လုပ်ပိုင်ခွင့်မှတ်ပုံတင်လက်မှတ် ပြန်လည်ပေးအပ်လိုက်ပြီဖြစ်ကြောင်း ဒီးမော့ဆိုမြို့နယ် လယ်ယာမြေစီမံ ခန့်ခွဲရေးကော်မတီမှ အဖွဲ့ဝင် ဦးမြင်အောင်က ပြောသည်။

ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ခလရ (၁၀၂) တပ်ရင်းနှင့် ခမရ (၄၂၇)တပ်ရင်းတို့ သိမ်းဆည်းခဲ့သည့် စိုက်ကွင်းအမှတ် (၁၄)၊ ( ၁၃ ) တို့မှ စုစုပေါင်းလယ်ဧက (၁၈၆)ဧက၊ တောင်သူ ၁၂၇ ဦးကို ယမန်နေ့က ငွေတောင်ကျေးရွာရှိ ရပ်ကွက်ရုံးတွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယခင်လတွင် ၎င်းလယ်ယာမြေများကို လုပ်ကိုင်နေသည့် တောင်သူများကို ယာယီလက်မှတ်ပုံစံ(၃) ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ကိုလက်မှတ်ကို ယမန်နေ့က ငွေတောင်ကျေးရွာတွင် သက်ဆိုင်ရာ ရပ်ကွက်ရုံးတွင် ပေးလိုက်ခြင်းဖြစ်သည်။

"အရင်တုန်းက ဒါတပ်တို့အတွက် ရိက္ခာထုတ်ပေးဖို့ စီမံချက်အရ သိမ်းဆည်းထားတဲ့ လယ်တွေဖြစ်ပါတယ်။ အဲဒီလယ်တွေကို အခုတော့ တကယ်လုပ်တဲ့ လယ်သမားတွေကို ပြန်ပေးလိုက်တာပါ"ဟု ဦးမြင့်အောင်က ပြောသည်။

၎င်းလယ်များသည် တပ်ရင်းနှင့် နှစ်မိုင်ခန့်အကျော်တွင်ဝေးသည့် လယ်မြေများဖြစ်သည်။ တပ်မှစွန့် လွှတ်လိုက်သည့် လယ်ယာမြေများတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပေးရာ ဒီးမော့ဆိုမြို့နယ်အတွင်းတွင် ပိုင်ဆိုင်မှု အငြင်းပွားဖြစ်နေကြသည့် သူများကျန်ရှိနေသေးကြောင်း သိရသည်။

၎င်းလယ်များကို ယခင် ၁၉၉၂ ခုနှစ်တွင် စစ်တပ်မှသိမ်းပြီး ပြည်သူများကို သီးစားခဖြင့် ပြန်လည်စိုက်ပျိုး ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

"အရင်နိုင်ငံတော်စိုက်ပျိုးကွင်းအမှတ်ကို ပြည်သူတွေ ကိုယ်ပိုင်လုပ်ခွင့်မရခဲ့ဘူး၊ စစ်တပ်ကနေ သိမ်းပြီးတော့ ပြည်သူကို အတင်းငြင်းဆဲပြီး စိုက်ပျိုးခိုင်းတယ်။ မအောင်မြင်တော့ သူတို့ ပြည်သူတွေကိ သီးစားခလုပ်ခိုင်း လိုက်တာ" ဟု ဒီကျေးကျေးရွာအုပ်စု ဥက္ကဌမှ ဦးအီညားရှိုက ပြောသည်။

ယခုလိုတပ်မှ တပ်ရင်းနှင့်အလှမ်းဝေးသည့် တပ်သိမ်းလယ်ယာမြေများကို စွန့်လွှတ်ပေးလိုက်သော်လည်း တဖက်တွင် ဖရူဆိုမြို့နယ်အတွင်းရှိ အမှတ် (၅၃၁)တပ်ရင်း၊ လွိုင်ကော်မြို့နယ်အတွင်းရှိ အမြောက်တပ် ( ၃၆၀) တပ်ရင်းများမှ တောင်သူများအား ပိုင်နက်ကျူးကျော်မှုများဖြင့် တောင်သူများကို တရားစွဲထားသည့် ဖြစ်စဉ်များ ကြံုတွေ့နေရသည်။

ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဖရူဆိုမြို့နယ်အတွင်းတွင် စစ်တပ်မှ တပ်ရင်းစတင် တည်ထောင်ရာတွင် သိမ်းခဲ့ကြသည့် တပ်ဧရိယာအတွင်းရှိ တောင်ယာလယ်ယာမြေများ ရှိနေသေးခြင်း အတွက်ကြောင့်လည်း သြဂုတ်လ (၅)ရက်နေ့တွင် ၎င်းမြို့ (၃) မြို့ပေါ်ရှိလမ်းမထက်တွင် တပ်မြေစွန်လွှတ်ရန် ဆန္ဒဖော်ထုတ်သည့် စာသားများကို မြင်တွေ့နေရသည်။