ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူမည့် ရခိုင်အမျိုးသား အလုပ်ထိခိုက်သဖြင့် မီဒီယာများနှင့် အင်တာဗျူးခေတ္တရပ်ထားမည်ဟုဆို

ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူမည့် ရခိုင်အမျိုးသား အလုပ်ထိခိုက်သဖြင့် မီဒီယာများနှင့် အင်တာဗျူးခေတ္တရပ်ထားမည်ဟုဆို
by -
မဇ္စျိမ

ရန်ကုန်မြစ်-ပဲခူးမြစ်-ပုဇွန်တောင်ချောင်းတို့ဆုံရာ အလယ်တွင် တွင် နှစ်ပေါင်းရာနှင့်ချီ၍ နှစ်မြုပ်လျှက်ရှိသော ဓမ္မစေတီခေါင်းလောင်းကြီးအား ဦးဆောင် ဆယ်ယူမည့် ရခိုင်လူမျိုး ဦးစံလင်း အနေဖြင့် အင်တာဗျူးလုပ်လိုသူများပြားမူကြောင့် အလုပ်ထိခိုက်နေ၍​ လောလောဆယ်တွင် အင်တာဗျူး ပေးခြင်းကို ခေတ္တရပ်နားထားမည်ဟု ဆိုသည်။

ရခိုင်အမျိုးသား တစ်ဦးဖြစ်သူ သုဓမ္မမဏိဇောတဓရ ဦးစံလင်းအား နိရဥ္စရာမှ ဓမ္မစေတီတီ ခေါင်းလောင်ကြီး ပြန်လည်ဆယ်ယူမည့် ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းရာ အင်တာဗျူး လုပ်သူများကြောင့် အလုပ်ထိခိုက်နေ၍ လောလောဆယ် အင်တာဗျူး လုပ်ခြင်းကို ရပ်နားထားကြောင်း ပြောဆိုသည်။

Dhammazedi Bell

“ အခု ကျွန်တော်က လုပ်ငန်း မစရသေးဘူး။ ခဏနေ တစ်ယောက်၊ ခဏနေ တစ်ယောက် ဖုန်းထဲကနေ အင်တာဗျူးလုပ်တာတွေ၊ မေးမြန်းတာတွေများနေတဲ့ အတွက် အလုပ်က ဘာမှလုပ်လို့ မရ ဖြစ်နေတယ်။ ဒါကြောင့် လောလောဆယ်မှာ အင်တာဗျူး မလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ဆိုသည်။

ဦးစံလင်းအား ယမန်နေ့က အခြား သတင်းဌာနတစ်ချို့မှ အင်တာဗျူး ပြုလုပ်ပေးရန် ကမ်းလှမ်းခဲ့သော်လည်း အလားတူ ငြင်းဆိုထားကြောင်း သူက ဆက်လက်ပြောဆိုသည်။

“ မနေ့ကလည်း ဘီဘီစီ သတင်းဌာန အပါအဝင် သတင်းဌာနတွေ စိတ်ဝင်စားသူတွေ မေးမြန်ကြတယ်။ အင်တာဗျူး မလုပ်နိုင်ဘူးလို့ ငြင်းလိုက်တယ်။ အခြား သတင်းဌာနတွေလည်း ဆက်သွယ်တယ်၊ ဘာတစ်ခုမှ ပြန်မဖြေနိုင်တော့ဘူးလို့ ပြောပြလိုက်တယ် ” ဟု ဆိုသည်။

ယင်းပြင် ဦးစံလင်းက “ခု ချိန်မှာ ဘာအင်တာဗျူးမှ မလုပ်နိုင်ပါဘူး။ ကျေးဇူးတင်တယ်၊ ဟိုကမေး ဒီကမေးနဲ့ တစ်ရက်တစ်ရက်ကို ကိုယ့်အလုပ်ကို မလုပ်ရဘူးဖြစ်နေတယ်။ တစ်ချို့ကိစ္စတွေ မပြီးနိုင်ဖြစ်နေတယ်။ ဒါကိုတော့ သည်းခံပေးကြပါ” ဟု ပြောဆိုသည်။

ဦးစံလင်း ဦးဆောင်သော အဖွဲ့သည် ဓမ္မစေတီ ခေါင်းလောင်းကြီးအား သြဂုတ်လ (၉) ရက်နေ့ စတင်ကာ ဆယ်ယူတော့မည် ဖြစ်သည်။

ကော့သောင်မြို့တွင်နေထိုင်သူ ဦးစံလင်း ဦးဆောင်သည့် အဖွဲ့အား ခေါင်းလောင်းကြီး ဆယ်ယူနိုင်ရန် ဇူလိုင်လ (၁၄) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တရားဝင်ခွင့်ပြုခဲ့သည်။

ဦးစံလင်းမှာ ၁၉၉၇ ခုနှစ်မှ စတင်ကာ ဓမ္မစေတီခေါင်းလောင်းကြီးအား ရေထဲမှ ဆယ်ယူ ပူဇော်ရန် ကြိုးပမ်းနေသူ ဖြစ်ပြီး ယခုတစ်ကြိမ်တွင် (၄၅) ရက် အထိ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ၊ ခေါင်းလောင်းကြီး တူးဖော်ရာတွင် ကုန်ကျစရိတ် မြန်မာ ကျပ်ငွေ သိန်း ၂၀၀၀ ခန့် အထိ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ဧရာဝတီသတင်းဌာနက ရေးသား ဖော်ပြထားသည်။

ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးမှာ ကြေးပိဿာချိန် (၁၈၀၀၀၀) ခန့်ရှိပြီး ဟံသာဝတီဘုရင် ဓမ္မစေတီမင်းကြီးမှ ရွှေတိဂုံစေတီတော်တွင် တင်လှူရန်အတွက် ၁၄၈၄ ခုနှစ်တွင် ရွှေ၊ ငွေ၊ ကြေး၊ ဘော် သတ္တုလေးမျိုးဖြင့် သွန်းလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ရေအောက်ထဲတွင် ၄၅ ဒီဂရီစောင်းနေပြီး အဝမှာ အပေါ်တွင် ရှိနေသော်လည်း နှစ်ပေါင်းလေးရာကျော် နစ်မြှပ်နေ၍ ပါဝင်သည့် သတ္တုဓာတ်ပြုမှုကြောင့် ခေါင်းလောင်းတော်ကြီးတွင် ကြိုးတပ်သည့် ကွင်းပင်မရှိတော့ဟု ဆယ်ယူသူ အဖွဲ့ဝင်အချို့က ဆိုကြောင်း Democracy Today တွင် ဖေါ်ပြသည်။

ထိုခေါင်းလောင်းကြီးကို ပေါ်တူဂီလူမျိုး ငဇင်ကာက သင်္ဘောဖြင့် ယူဆောင်ချိန်တွင် မြစ်သုံးစင်းဆုံရာ နေရာ၌ နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

ခေါင်းလောင်းကြီးအား ဆယ်ယူရာတွင် မြန်မာ့နည်း မြန်မာ့ဟန်များဖြင့် ဂမ္ဘီရဆန်ဆန် ဆယ်ယူမည်ဟု သတင်းများထွက်ပေါ်နေသဖြင့် လူအများက စိတ်ဝင်စားလျှက်ရှိသည်။

Most read this week