ရှေးဟောင်းဒင်္ဂါးများ တရားမဝင် ရောင်းဝယ်သည့် ဈေးကွက်တစ်ခု ရခိုင်တွင် ပေါ်ပေါက်နေ

ရှေးဟောင်းဒင်္ဂါးများ တရားမဝင် ရောင်းဝယ်သည့် ဈေးကွက်တစ်ခု ရခိုင်တွင် ပေါ်ပေါက်နေ
by -
နိရဥ္စရာ

ရခိုင်ရှေးဟောင်းငွေဒင်္ဂံါးပြားများကို ပြည်တွင်းနှင့် ပြည်ပနိုင်ငံများသို့ တရားမဝင် ရောင်းချနေကြသည့် ဈေးကွက်တစ်ခု စစ်တွေ၊ ကျောက်တော်နှင့် မြောက်ဦးမြို့တို့တွင် ပေါ်ပေါက်နေသည်ဟု သိရသည်။

ရှေးဟောင်းဒင်္ဂါး မှောင်ခို ရောင်းဝယ်နေမှုများကို အချိန်မီ တားဆီးအရေးယူသင့်ကြောင်း၊ သို့မဟုတ်ပါက တန်ဖိုးကြီးမားသော ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များ ဆုံးရှံုးသွားနိုင်ကြောင်း ရခိုင်သမိုင်းပညာရှင်များက နိရဥ္စရာသို့ ပြောဆိုသည်။

အဆိုပါ ရှေးဟောင်းငွေဒင်္ဂံါးများကို ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ကျောက်တော်မြို့များမှ တစ်ဆင့် စစ်တွေ၊ ထိုမှ တဆင့် ရန်ကုန် မန္တလေးမြို့များသို့သာမက တရုတ်နိုင်ငံ အပါအဝင် ပြည်ပနို်င်ငံများအထိ တင်ပို့ရောင်းချမှုများ ရှိနေသည်ဟု စစ်တွေမြို့မှ ရခိုင်ယဉ်ကျေးမူအနုပညာများကိုထိန်းသိမ်းဖေါ်ထုတ်နေသူ ဆရာ ဦးကျော်ဇံမောင်က နိရဥ္စရာသို့ ပြောသည်။

“ရှေးဟောင်းရခိုင်ဒင်္ဂါးတွေကို အပြင်ကို မရောက်အောင် အချိန်မှီ ထိန်းသိမ်းရန် လိုအပ်ပါတယ်။ ရခိုင် ဘုရင်နာမည်တွေနဲ့ သွန်းလုပ်ထားတဲ့ ငွေဒင်္ဂံါးပြားတွေဟာ အစဉ်အဆက် ရခိုင်လူမျိုးတွေ လက်ထဲမှာမရှိဘဲ လူမျိုးခြားလက်ထဲကို ရောက်သွားလိို့ရှိရင် နောက်မျိုးဆက်တွေကို ရခိုင်လူမျိုးတွေ ဒင်္ဂံါးပြားသုံးခဲ့တယ်ဆိုတာကို အထောက်အထားမပြနိုင်ဘဲ ဖြစ်သွားမယ်” ဟု ဦးကျော်ဇံမောင်က ပြောသည်။

သို့အတွက် ကိုယ်ပို်င်ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး အတွက် ယဉ်ကျေးမှု ထိန်းသိမ်းရေး စောင့်ရှောက်ရေး အဖွဲ့တစ်ခုကို ဖွဲ့စည်းရန် လိုအပ်သည်ဟုလည်း ဆရာက အကြံပြု ပြောဆိုသည်။

အရှေ့တောင်အာရှတွင် အစောဆုံး သုံးစွဲခဲ့သည်ဟု ယူဆရသော  ရခိုင်ရှေးဟောင်း ဒင်္ဂါးများကို အရည်ဖျော်ပြီး လက်စွပ်ပြုလုပ် ဝတ်ဆင်သူများပင် ရှိနေသည်ကို ၀မ်းနည်းစွာ တွေ့မြင်နေရကြောင်း ဆရာဦးကျော်ဇံမောင်က ဆက်လက် ပြောဆိုသည်။

“ အခုက သမိုင်းကို သမို်င်းလို့ မသိ။ စီးပွါးရေးသမားတွေက ကိုယ့်အကျိုးအမြတ်ရရင် ပြီးရော ဆိုပြီး ပန်းထိမ်တွေမှာ အရည်ဖျော်၊ လက်စွပ်လုပ်ဝတ်တဲ့သူတွေလည်းရှိပါတယ်” ဟု ဆိုသည်။

စစ်တွေမြို့နှင့် ကျောက်တော်၊ မြောက်ဦးမြို့တို့တွင် ယင်းငွေဒင်္ဂံါးများကို အဆင့်ဆင့် အမြတ်တင် ရောင်းချနေကြပြီး အတုများ ပြုလုပ်ကာ လိမ်လည် ရောင်းချမှုများလည်း ရှိနေကြောင်း သိရသည်။

မည်သို့ပင် ဖြစ်စေ ယင်းရှေးဟောင်းငွေဒင်္ဂါး အစစ်များကို ရခိုင်ယဉ်ကျေးမူ အမွေအနှစ်ကို ချစ်မြတ်နိုး ရခိုင်ချမ်းသာသူများအနေဖြင့် တစ်ပိုင်တစ်နိုင်ဝယ်ယူပြီး ထိန်းသိမ်းသင့်ကြောင်း ရခိုင်အမွေအနှစ် ထိန်းသိမ်းနေသူ တစ်ဦးဖြစ်သူ ကိုသန်းနိုင်က ပြောသည်။

“ အထူးသဖြင့် ငွေကြေးတောင့်တင်းတဲ့ ရခိုင်လူချမ်းသာတွေအနေနဲ့ ငွေဒင်္ဂါးဘဲဖြစ်ဖြစ်၊ ရွှေဒဂါင်္းဘဲ ဖြစ်ဖြစ် ၀ယ်ယူပြီး မပျက်မစီးရအောင် ထိန်းသိမ်းသင့်ပါတယ်။ ကိုယ်တိုင်ထိန်းသိမ်းဖို့ အခက်အခဲရှိရင်တောင်မှ ရှေးဟောင်းယဉ်ကျေးမူ အမွေအနှစ်တွေကို ထိန်းသိမ်းနေတဲ့သူတွေနဲ့ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ ဒီလုပ်ငန်းဟာလည်း အမျိုးသားရေးအတွက် အရေးကြီးတဲ့ လုပ်ငန်း တစ်ခုပါ” ဟု ဆိုသည်။

ရှေးဟောင်း ရခိုင်ဒင်္ဂံါးများကို အေဒီ(၄)ရာစုက ရခိုင်ဝေသာလီမြို့တော်တည်ရှိခဲ့သော နေရာတစ်ဝိုက််တွင် အများဆုံးတွေ့ရပြီး ဒင်္ဂံါးများမှာ ခေတ််ပြိုင် အခြားဒင်္ဂံါးများနှင့် မတူသော ရခိုင်ရိုးရာ အမှတ်လက္ခဏာများကို ထည့်သွင်း ခတ်နှိပ်ထားသည်ဟု သိရသည်။

ရခိုင်ဝေသာလီဒင်္ဂံါးများမှာ ငွေသတ္တုပါဝင်မှု (၉၉) ရာခိုင်နှုန်းအထိ ရှိကြောင်း လေ့လာသူများက ဆိုသည်။

Most read this week