ရန်ကုန်မြို့၊ ဗိုလ်စိန်မှန်ကွင်း၌ သြဂုတ် ၃ ရက်တွင် ရွေးကောက်ပွဲကို အချိုးကျဖြင့် တင်မြှောက်သည့် ပီအာရ်စနစ်အဖြစ် ပြောင်းလဲမည်ကို မထောက်ခံကြောင်း ဟောပြောနေသည့် အစ္စလာမ် ဘာသာဝင်တရား လွှတ်တော်ရှေ့နေ ဦးကိုနီ ကို သံဃာတော် ၁၅ ပါး ကျော် လာရောက်တားမြစ်ခဲ့သည်။
ဦးဆောင်ဟောပြောသူ ဦးကိုနီကို ကန့်ကွက်ကြောင်း မျိုးချစ်သံဃာများဟု မိတ်ဆက်ခဲ့သည့် ဆရာတော်တို့က မိန့်ကြားပြီး ဟောပြောပွဲတွင် ပါ၀င်ကူညီနေသည့် ဦးနေမျိုးဇင်က ဟောပြောပွဲ တည်တည်ငြိမ်ငြိမ်ဖြင့် ကျင်းပနိုင်ရေး၊ ယင်းနေရာ အနီးတစ်ဝိုက်တွင် အဓိကရုဏ်းပုံစံမျိုး မဖြစ်ပေါ်စေရေး ငြိမ်းချမ်းစွာ ကန့်ကွက်လိုပါက ကန့်ကွက်နိုင်သည်ဟု ပြန်လည် လျှောက်ထားခဲ့သည်။
ဦးနေမျိုးဇင်က “အကြမ်းဖက်မှုတွေ၊ အဓိကရုဏ်းတွေ၊ အရိပ်အမြွက်မျှတောင် မပါမိအောင် တပည့်တော််တို့ ကြိုးစားနေပါတယ်။ ငြိမ်ငြိမ်သက်သက် ငြိမ်းငြိမ်းချမး်ချမ်းနဲ့ ကိုယ့်အမျိုးဘာသာသာသနာ ဖွ့ံဖြိုးတိုးတက် စည်ပင်ဖို့ အခြားသော ဘာသာသာသနာဝင်တွေထက် ပိုပြီး မြင့်မြတ်ဖြူစင် တိုးတက်ကြောင်း အရည်အချင်းရှိတဲ့ နိုင်ငံကြီးသားတွေဖြစ်အောင် တပည့်တော်တို့ဘက်က ပြချင်ပါတယ်”ဟု ပြန်လည်ညှိနှိုင်းပြောခဲ့သည်။
မျိုးချစ်ရဟန်းပျိုသမဂ္ဂအဖွဲ့ဝင် ပုဇွန်တောင်မြို့နယ်၊ စင်ကာပူဘုန်းတော်ကြီးကျောင်းမှ အရှင်တေဇဝံသက “ပုဂ်္ဂိုလ်ကို မကြိုက်လို့၊ အခုက တိုင်းရင်းသား မဟုတ်တဲ့အတွက် အယုံကြည်မရှိဘူး။ ဒါကြောင့် မေတ္တာလာရပ်ခံတာပါ။ ပွဲလာ ဖျက်တာ မဟုတ်ဘူး။ ပီအာရ်ကို ဘုန်းကြီးတို့လည်း ကန့်ကွက်တာပဲ။ တခြားနိုင်ငံရေးသမားတွေ အများကြီးကို လက်ခံတယ်”ဟု မိန့်ကြားသည်။
ကန့်ကွက်ခံရသူ ဦးကိုနီက “ကျွန်တော်အတော်လေး စိတ်မကောင်းဖြစ်ရတယ်။ အခုလို နှောင့်ယှက်ဟန့်တား ရအောင် ဘာအခွင့်အရေးတွေ ရနေလို့လဲ။ နောက်ခံဘယ်သူတွေက ပံ့ပိုးပေးနေလဲ။ ကျွန်တော်က နိုင်ငံသားတစ်ယောက်လေ၊ ရဲစခန်းက ကျွန်တော်ဟောပြောမယ်ဆိုတာကို တရားဝင် ခွင့်ပြုချက်ပေးထားပြီး သားပါ။ အခုလို ပေါ်ပေါ်တင်တင် လာရောက်နှောင့်ယှက်တာ တရားဥပဒေစိုးမိုးရေးက မရှိဘူးလား”ဟုပြောသည်။
ဟောပြောပွဲတည်ရှိရာ ဗိုလ်စိန်မှန်ကွင်းအတွင်းသို့ ခန့်မှန်းသံဃာတော် ၁၀ ပါးခန့်စီက တစ်သုတ်ချင်းစီ ကြွရောက်လာခြင်းဖြစ်ပြီး ဟောပြောပွဲစင်မြင့်အနားထိ ရောက်ရှိလာသည့် သံဃာတော်တချို့နှင့် ဟောပြောပွဲကို လာရောက်အားဖြည့် ကူညီသူ ဦးနေမျိုးဇင်တို့အကြား အချေအတင် ပြောဆိုမှုများ ဖြစ်ပေါ်ခဲ့သည်။
ဦးနေမျိုးဇင်က “သိပ်ရှုပ်ထွေးနေတဲ့ ကာလမှာ အိမ်ကြက်ချင်းခွပ်ပြီး ပန်းအောင် လုပ်စေချင်တဲ့ လူတွေရဲ့ စိတ်ဆန္ဒပြည့်အောင် မလုပ်မိဖို့ တပည့်တော်တို့ ကြိုးစားရမှာပါ”ဟု သံဃာတော်တို့ကို ညှိနှိုင်း လျှောက်ထားသည်။
သံဃာတော်များ၏ ကျောင်းတိုက်နာမည်များကို သတင်းမီဒီယာများက မေးမြန်းကြစဉ် သံဃာတော်တို့က ပြန်လည် မိန့်ကြားခဲ့ခြင်း မရှိဘဲ ယာဉ်တစ်စီးပေါ်သို့ တက်သွားခဲ့သည်။ ထို့ပြင် သတင်းဓာတ်ပုံရိုက်ကူးသည့် သတင်းထောက် တစ်ဦးကိုလည်း ပိတ်ပင်တားမြစ်ခဲ့သည်။
သံဃာတော်တစ်ပါးက “ကျောင်းတိုက် ပြောစရာမလိုဘူး။ ဒါ မျိုးချစ်ရဟန်းပျိုသမဂ္ဂက၊ မင်းသတင်းထောက်ဆို သတင်းထောက််ကတ်ပြ၊ စည်ပင်သာယာပိုင်လမ်းပေါ်မှာဆိုလည်း ငါတို့ကို ခွင့်ပြုချက်တောင်း ရိုက်၊ မင်းသဘောပေါက်လား သိပ်မပြောချင်ဘူး။ ဘွဲ့နာမည်လား၊ ဉဏဝဒ၊ ဟိုကွင်းထဲမှာ ရိုက်ရင် ကိစ္စမရှိဘူး။ ခွင့်ပြုချက်လည်း ငါတို့ကို မတောင်းဘူး၊ အေး ပြောချင်တာ ပြောပြီးသွားပြီ သွား...”ဟု မိန့်သည်။
ဓာတ်ပုံရိုက်သည့် သတင်းထောက်ကိုလည်း သံဃာတော်များနှင့်အတူပါလာသည့် လူနှစ်ဦးက ဖုန်းဖြင့် ပြန်လည်ရိုက်ကူးသည်။ ဟောပြောပွဲကိုမူ မူလအစီအစဉ်အတိုင်း ဆက်လက်ကျင်းပနိုင်ခဲ့သည်။