ပီအာရ်စနစ် ကျင့်သုံးပါက တိုင်းပြည်ကို အာဏာသိမ်းရန် လက်ကမ်းသည်နှှင့်တူ

ပီအာရ်စနစ် ကျင့်သုံးပါက တိုင်းပြည်ကို အာဏာသိမ်းရန် လက်ကမ်းသည်နှှင့်တူ
by -
မဇ္စျိမ

ပြည်တွင်းငြိမ်းချမ်းရေး၊ ဆင်းရဲနွမ်းပါးမှုများ၊ ဘာသာရေးအသွင်ဆောင်သည့် နိုင်ငံရေး လှုပ်ရှားမှုများနှင့် တိုင်းရင်းသားများ တောင်းဆိုနေသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးစသည့် ပြဿနာများ ရှိနေစဉ်တွင် ပိုမိုရှုပ်ထွေးလာစေသည့် PR စနစ်ကို ကျင့်သုံးရန်တင်ပြလာခြင်းသည် ထိုင်းနိုင်ငံကဲ့သို့ စစ်တပ်က မကြာခဏ အာဏာသိမ်းစေရန် လက်ကမ်းနေသည့် ပုံသဏ္ဌာန်နှင့်တူနေသည်ဟု နိုင်ငံရေးဆောင်းပါးရှင် ဆရာထင်လင်းဦးက ဗိုလ်စိန်မှန်ကွင်းတွင် သြဂုတ် ၃ ရက်က ပြုလုပ်သည့် PR အကြောင်း သိကောင်းစရာများ ဟောပြောပွဲတွင် ပြောကြားခဲ့သည်။

ဆရာထင်လင်းဦးက “ထိုင်းနိုင်ငံမှာ တိုက်ရိုက်နဲ့လည်း ရွေးချယ်တာရှိတယ်၊ PR နဲ့လည်း ရွေးချယ်တာ ရှိတယ်။ တိုက်ရိုက်နဲ့ ရွေးတာက PR နဲ့ ရွေးတာထက် အမတ် ၁၀၀ ပိုများပါတယ်။ လွှတ်တော်ထဲမှာ အယုံအကြည်မရှိ တင်သွင်းတယ်၊ ၀န်ကြီးချုပ်ပြုတ်ကြတယ်၊ လွှတ်တော်ထဲမှာ အရင်ရန်ဖြစ်ကြတာ မဟုတ်ဘူးလား။ ပြီးတော့မှ သူ့ပါတီထောက်ခံတဲ့သူနဲ့ ကိုယ့်ပါတီထောက်ခံတဲ့သူတွေက အပြင်မှာ ရန်ဖြစ်ကြတာ မဟုတ်ဘူးလား။ အဲဒီလိုဖြစ်တော့ ဘယ်သူက ပြန်ပြီး အာဏာသိမ်းသလဲ။ စစ်တပ်က မဟုတ်ဘူးလား။ ဒါဆိုရင် ဒီလိုဖြစ်အောင်လို့ ဘယ်သူက လုပ်တာလဲ၊ ဒီပြဿနာကို ဖြေရှင်းပေးပါ”ဟု ပြောကြားသည်။

against-PR

ထိုသို့ နက်နဲသည့်ပြဿနာများကို မရှင်းလင်းဘဲ PR စနစ်ကို အသုံးပြုရန် လုပ်ဆောင်နေခြင်းကြောင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းဆီသို့ ရောက်သွားနိုင်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာ့နိုင်ငံရေးသည် ဖြေရှင်းရန် ခက်ခဲသည့် ပြဿနာများဆီသို့ ဦးတည်သွားမှာ သေချာသည်ဟု ဆိုသည်။ ထို့အပြင် ယခု မရှင်းလင်းသည့် ပြဿနာများကို နောင်မျိုးဆက်များဆီ လက်ဆင့်မကမ်းရန် လိုသည်ဟုလည်း ဆိုသည်။ ထို့ကြောင့် တပ်မတော်သားများကလည်း ၀င်ရောက်ရှင်းလင်းပေးစေလိုသည်ဟု ဆိုသည်။

PR စနစ်ကို တင်သွင်းခဲ့သည့် NDF ပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဆွေကတော့ “ထိုင်းနိုင်ငံက စစ်တပ် အာဏာသိမ်းတာက အကြိမ်ပေါင်း ၃၀ ကျော်သွားပြီ။ မြန်မာနိုင်ငံမှာ အာဏာသိမ်းခဲ့တာက PR ကြောင့် သိမ်းခဲ့တာလား ပြန်စဉ်းစား ကြည့်ပါ။ ထိုင်းနိုင်ငံမှာက ပြည်တွင်းစစ် မရှိပါဘူး၊ မြန်မာပြည်မှာက ပြည်တွင်းစစ်ရှိတယ်။ ထိုင်းနိုင်ငံက အာဏာသိမ်းတာက PR ကြောင့် မဟုတ်ပါဘူး။ သက်ဆင်လက် ထက်ကတည်းက လယ်သမားတွေကို ငွေထုတ် ပေးတာကစပြီး ဖြစ်ပေါ်လာတဲ့ မကျေလည်မှုတွေက စတာပါ။ နိုင်ငံရေးအခြေအနေအရ တူညီမှုမရှိပါဘူး”ဟု ပြောကြားခဲ့သည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကလည်း အချိုးကျ ရွေးကောက်တင်မြှောက်သည့် PR စနစ်ကို ကျင့်သုံးလိုလျှင် လွှတ်တော်တွင်း ရောက်ရှိနေသည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်ခွာပေးမှသာလျှင် တရားမျှတသည့် အခြေအနေကို ရမည်ဟု ပြောသည်။

ဦးကိုနီက “ဒီကနေ့ ၂၀၀၈ အခြေခံဥပဒေအရ လွှတ်တော် သုံးခုစလုံးမှာ တပ်မတော်သား ကိုယ်စားလှယ်တွေက ၂၅ ရာခိုင်နှုန်းရှိနေတယ်။ အဲဒီတော့ အချိုးကျစနစ်ကို သွားချင်ရင် တပ်မတော်သားက ငါးသိန်းရှိတယ်။ ကျွန်တော်တို့ ပြည်သူလူထုက ၆၆ သန်းလောက်ရှိပါတယ်။ အခု လွှတ်တော်မှာလည်း အမတ်က ၆၆၀ လောက်ရှိတယ်။ အဲဒီတော့ အကြမ်းဖျင်း တွက်ကြည့်ရအောင် အခုစနစ်အရ လူ တစ်သိန်းကို အမတ် တစ်ယောက်နှုန်းဆိုရင် ကျွန်တော်တို့ အရပ်သားတွေကို ပီအာရ်စနစ်နဲ့ အချိုးကျသွားလို့ဆိုရင် ကောင်းပြီ တပ်မတော်လည်း အချိုးကျပဲ ယူပေါ့၊ ငါးသိန်းဆိုရင် ငါးယောက်ရမှာပေါ့”ဟု ပြောကြားခဲ့သည်။

ထို့အပြင် ၂၀၀၈ အခြေခံဥပဒေသည် မဲဆန်္ဒနယ်အလိုက် မဲအများဆုံးသူအနိုင်ရ FTPT စနစ်ကို အခြေခံကာ ရေးဆွဲထားခြင်းဖြစ်သောကြောင့် အခြေခံဥပဒေပါ အချက်တော်တော်များများကို ပြင်ဆင်ရမည်ဟုလည်း ၎င်းက သုံးသပ်သည်။

ထို့အပြင် PR စနစ်တွင် အမတ်များကို ပါတီခေါင်းဆောင်များကသာ ရွေးချယ်သဖြင့် ပါတီခေါင်းဆောင်များနှင့် ရင်းနှီးသူများ၊ ငွေကြေးပေးနိုင်သည့် လူမျိုးရေး၊ ဘာသာရေးအစွန်းရောက်များ အမတ်ဖြစ်နိုင်သည်ဟု ဦးကိုနီက ပြောကြားသည်။

ကမ္ဘာ့နိုင်ငံပေါင်း ၂၁၀ ကျော်တွင် PR စနစ်ကို ကျင့်သုံးသည့် နိုင်ငံပေါင်း ၉၀ ကျော်ရှိပြီး PR စနစ်ကို ကျင့်သုံးသည့် ဂျာမနီနိုင်ငံတွင် လွှတ်တော်ကို သုံးကြိမ်တိုင် ဖျက်သိမ်းခဲ့ရပြီး အစိုးရအဖွဲ့အပြောင်းအလဲများ ပြုလုပ်ခဲ့ရသဖြင့် နိုင်ငံရေး တည်ငြိမ်မှု နည်းသည်ဟုဆိုသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံသည်လည်း PR စနစ်ကို ကျင့်သုံးသည့် နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်မှုများ ကြောင့် စစ်တပ်က မကြာခဏ အာဏာသိမ်းရသည့် အခြေအနေများကိုလည်း လေ့လာသင့်သည်ဟု ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ၁၉၄၇ ခုနှစ်မှာ စတင်ပြီး ရွေးကောက်ပွဲများကို ကျင်းပခဲ့ပြီး ၂၀၁၂ တွင် ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲအထိ မဲအများဆုံးသူ အနိုင်ရ FTPT စနစ်ကို သုံးသော်လည်း ဆိုးဝါးသည့် အခြေအနေ မကြံုတွေ့ရဟု ဦးကိုနီက သုံးသပ်ပြောကြားခဲ့သည်။

ဟောပြောပွဲတွင် ဦးကိုနီ၊ ဦးထင်လင်းဦးတို့နှင့်အတူ တောင်သူလယ်သမားအရေးကို ဆောင်ရွက်နေသည့် ဦးဝင်းချိုတို့ ဟောပြောခဲ့သည်။ လူ ၂၀၀ ခန့် တက်ရောက်နားထောင်ခဲ့ပြီး  PR စနစ်ကို လက်မခံကြောင်းလည်း ကြွေးကြော်ခဲ့ကြသည်။

Most read this week