လွှတ်တော်နှင့် လွှတ်တော်အမတ်များ၏ အားနည်းချက်များကို လွှတ်တော်သို့ ထဲထဲဝင်ဝင် လေ့လာမှုမရှိဘဲ ဝေဖန်ရေးသားကြသည်များနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လွှတ်တော်သို့ အချိန်မရွေး လာရောက်လေ့လာနိုင်၊ ဝေဖန်အကြံပေးနိုင်ကြောင်း၊ လိုအပ်မည်ဆိုလျှင် တရားစွဲနိုင်ကြောင်း သြဂုတ်လ ၁ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
“အချိန်မရွေးလာပါ၊ ဘာပဲဖြစ်ဖြစ် လာပြောပါ၊ လိုမယ်ဆိုရင် တရားစွဲလိုက်ပါဦး၊ ဥပဒေအရပဲ ဖြေရှင်းမယ်၊ လွှတ်တော်နဲ့ ပတ်သက်လို့ အချိန်မရွေး ဝေဖန်အကြံပေးနိုင်ပါတယ်၊ လွှတ်တော်မှာ လျှို့ဝှက်ထားလို့မရဘူး” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် တစ်ပတ်က 7 Days အပတ်စဉ်ဂျာနယ်ပါ “လွှတ်တော်အမတ်နှင့် ဂုဏ်သိက္ခာ” ဆောင်းပါးနှင့် ယခုတစ်ပတ် မဇ္စျိမဂျာနယ်ပါ ‘ကြက်အမတ်၊ ခွေးအမတ်နှင့် လွှတ်တော်’ ဆောင်းပါးတို့နှင့် ပတ်သက်ပြီး လွှတ်တော်ဘက်က မည်သို့တုံ့ပြန်ရန် ရှိသလဲဟူသည့် Street View ဂျာနယ်၏ အမေးကို သူရဦးရွှေမန်းက ဖြေကြားရာတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
“လွှတ်တော်အနေနဲ့တော့ ဒါကို လောလောဆယ် တုံ့ပြန်ဖို့ အစီအစဉ် မရှိသေးပါဘူး၊ ဒါကြောင့်မို့လို သည်းခံလိုက်ကြပါ၊ မီဒီယာကို မီဒီယာနဲ့ပဲ ပြန်ပြောတာ ကောင်းပါလိမ့်မယ်၊ တုံ့ပြန်မှု ရရှိပါလိမ့်မယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ယခုကဲ့သို့ ရေးသားဖော်ပြမှုသည် မည်သည့်အချက်များကို မည်သို့သဘောမတူခြင်း ဖြစ်သနည်း၊ ဤသို့ ရေးသားခြင်းအားဖြင့် ကျန်သည့် မီဒီယာများပါ သိက္ခာကျနိုင်ပြီး မီဒီယာအား အထင်အမြင် မှားနေသည့် ယခု အခြေအနေမျိုးတွင် မီဒီယာအတွက် မည်သည့်အကျိုးဆက် ဖြစ်သွားနိုင်သနည်း တို့ကို ထည့်သွင်းစဉ်းစားသင့်ကြောင်းလည်း ၎င်းက ပြောသည်။
“ဒီနေ့ မီဒီယာတွေက နိမ့်ကျနေတဲ့ သဘောမျိုးရှိတယ်၊ အခုလိုမမှန်မကန် Ethic မရှိဘဲနဲ့ ဆိုရင် ကျန်တဲ့ မီဒီယာသမားတွေပါ ထိခိုက်နိုင်တယ်၊ တကယ်လို့ ရေးတဲ့သူက အမည်ခံပြီးရေးတယ်ဆိုရင် ဒီကိုလာပြီး ပြောလိုက်ပါ၊ (သူ့ကို) ရှင်းပြလိုက်ရုံပဲ” ဟု ၎င်းက ပြောသည်။ ထို့အပြင် “သတင်းမီဒီယာတွေကို ကိုယ်တို့က လေးလေးစားစား ချစ်ချစ်ခင်ခင် ဆောင်ရွက်သွားပါ့မယ်” ဟုလည်း ဖြည့်စွက် ပြောကြားခဲ့သည်။