မိုင်းရှူးမှ အပျိုကြီး တစ်ဦးအား အစိုးရ တပ်မတော်မှ အဓမ္မ ပြုကျင့်

မိုင်းရှူးမှ အပျိုကြီး တစ်ဦးအား အစိုးရ တပ်မတော်မှ အဓမ္မ ပြုကျင့်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် မိုင်းအောတ် ကျေးရွာ အုပ်စု အတွင်း နေထိုင်သည့် အသက် ၃၂ နှစ် အရွယ် ဒေသခံ အမျိုးသမီးတစ်ဦး ဂျူလိုင် ၂၃ ရက်နေ့က အစိုးရ တပ်မတော်သား တဦး၏ အဓမ္မပြုကျင့် ခြင်းခံရသည်ဟု ဒေသခံများ ပြောပြချက် အရ သိရသည်။

မိုင်းရှူးမြို့ မြောက်ဘက် မိုင်းအောတ် ကျေးရွာအုပ်စုဝင် နမ့်ပါလမ်ရွာ တွင်နေ ထိုင်သည့် အသက် ၃၂ နှစ် အရွယ်(အမည်မဖေါ်လို) အမျိုးသမီး တဦးသည်  ထမင်းဟင်းချက်ပြီး မိဘများအား လယ်တောသို့ ထမင်းသွား ပို့ရန် ပြင်ဆင်နေ ချိန် အစိုးရတပ်မတော် ခလရ ၉ မှတပ်သား ကျော်ကျော်ကို ဆိုသူက နေအိမ် သို့ရောက်ရှိလာပြီး အိမ်တံခါးပိတ် သေနတ်ဖြင့်ချိန်၍  ဂျူလိုင် ၂၃ ရက် နံနက် ၈ နာရီအချိန် ခန့်တွင် အဓမ္မပြုကျင့်ခဲ့သည်ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

MOng Aut

“နန်း ကို အဲဒီစစ်သားက သေနတ်တလှည့် ဓါးတလှည့် ထောက်တယ်။ အဝတ်မချွတ်မခြင်း၊ သူက အော်တော့ ဓါးနဲ့ လည်ပင်းကိုထောက်တယ်။ အခုသူက အရူးလိုဖြစ်နေတယ်။ ကြောက်ကြောက် လှန့်လှန့် နဲ့။ သူတို့ တပ်မှူးကိုသွားတိုင်တယ်။ လျော်ကြေးငွေ ကျပ် ၅ သိန်းပေးဖို့ ရွာအကြီးအကဲ က တောင်းတယ်။ တပ်မှူးက တသိန်းခွဲဘဲပေးလိုက်တယ်။ ပြီးတော့ ကျေအေး ပါစေ။ ထပ်မတိုင်နဲ့ ၊  သတင်းလဲ မထွက်စေနဲ့  လို့တောင်ပြောလိုက်သေးတယ်” ဟု အမည်မဖေါ်လိုသည့် အမျိုးတော်စပ်သူ ကပြောသည်။

မိုင်းရှူးမြို့နိုင်ငံရေးပါတီအသိုင်းအဝိုင်းက  အဓမ္မပြုကျင့်ခံရသူအမျိုးသမီးအား ကျန်းမာရေးကုသမှု ရရန်၊ စိတ်ပိုင်းဆိုင်ရာပြုစုပျိုးထောင် မှုရရန်၊ ပြစ်မှုကျူး လွန်သူအား တရားဥပဒေအရ  ရင်ဆိုင်ရရန် အတွက် ကြိုးပမ်းနေသည်ဟုလည်း မိုင်းရှူးမြို့ ကျားခေါင်းပါတီဝင် အမျိုးသမီးတစ်ဦးက ပြောသည်။

မိုင်းရှူးမြို့ မြောက်ဘက်ရှိ မိုင်းအောတ်ကျေးရွာအုပ်စုသည်  ပြည်ထောင်စုကြံ့ခိုင်ရေး ပါတီအား ထောက်ခံရန် ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့မှ စည်းရုံးနိုင်သည့် ကျေးရွာများဖြစ်သည်ဟု ကျားဖြူပါတီဝင်ဟောင်း တစ်ဦးကလည်း ပြောသည်။

၂၀၁၁-၁၂ ခုနှစ်က အဆိုပါဒေသအတွင်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်များအား အစိုးရတပ်မ တော်တိုက်ခိုက်စဉ် စစ်ဘေးစစ်ဒဏ်အလူးအလဲ ခံခဲ့ရသည့် ဒေသလည်းဖြစ်သည်။