လိုင်ဇာ ထိပ်သီးအစည်းဝေးမှ အခြေခံမူ (၁၀)ချက် ချမှတ်

လိုင်ဇာ ထိပ်သီးအစည်းဝေးမှ အခြေခံမူ (၁၀)ချက် ချမှတ်
by -
ကေအဲန်ဂျီ

ဒီမိုကရေစီရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင် ဖွဲ့စည်းရေး ဟူသော အခြေခံမူ (၁၀) ချက် စွဲကိုင်ထားရန် ချမှတ်ခဲ့သည်ဟု NCCT ဒုတိယခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာထိပ်သီးအစည်းအဝေးကို ဇူလိုင်လ ၂၅ မှ ၂၉ ရက်နေ့ထိ လေးရက်ကြာ ဆွေးနွေးမှုတွင် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCT ၏ အခြေခံ မူများများနှင့် လုပ်ငန်းပိုင်းဆိုင်ရာများ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

eaczuphpawng

“အချက် ၁၀ ချက်ဆိုတာက အထူးသဖြင့် စွဲကိုင်တဲ့မူက တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌန်းခွင့်ကိုအာမခံချက်ရှိတဲ့ ဖယ်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းမှုကို ကျနော်တို့ စွဲကိုင်ရမဲ့ အချက်တွေ

ရှိသလို၊ တော်လှန်ရေးဆိုတဲ့ ဝေါ်ဟာရကိစ္စနဲ့တခြားကိစ္စတွေလည်းပါတယ်” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ဇူလိုင်လ ၃၀ ရက်နေ့တွင် NCCT နှင့် NCCT မဟုတ်သော တိုင်းရင်းသား ခေါင်းဆောင်များ၏ သီးသန့် တွေ့ဆုံဆွေးနွေးမှု ဆက်လက် ကျင်းပခဲ့ပြီး ၎င်းတို့၏လေးရက်ကြာ ဆွေးနွေးချက်များကို ပြန်လည် ရှင်းလင်းခဲ့ကာ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

“ကျနော်တို့ ရှေ့လုပ်ငန်း ဆောက်ရွက်ရမဲ့ ကိစ္စတွေကို ဆွေးနွေးတာပါ။ အဓိကတော့ နိုင်ငံရေးဆွေးနွေးမှုကို ဘယ်လို ရေးဆွဲမလဲ၊ ဒါကိုကြိုတင်ပြင်ဆင်တဲ့အနေနဲ့ တကယ်လို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပြီးတဲ့ အချိန်မှာ နိုင်ငံရေးဆွေးနွေးမှုလည်းအဆင်သင့်ဖြစ်ဖို့ဆိုတဲ့ကိစ္စကို ဆွေးနွေးတယ်။ ရှေ့ဆက်ပြီး ကျနော်တို့ နိုင်ငံရေးဆွေးနွေးမှု ဘယ်လို ပူးပေါင်းဆောင်ရွက် မလဲဆိုတဲ့ကိစ္စဆွေးနွေးတယ်” ဟုသူက ပြောသည်။

၎င်းတိုင်းရင်းသား ခေါင်းဆောင်များ၏ သီးသန့် တွေ့ဆုံ ဆွေးနွေးမှုတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး/ရှမ်းပြည်တပ်မတော် RCSS တို့နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကိုယ်စာလှယ်များအားရှင်းပြခဲ့ပြီးနောက် ၎င်းတို့၏ အကြံပြုချက်များကို ရယူခဲ့သည်ဟု သူက ဆိုသည်။

အခြား NCCT မပါဝင်သော ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ မိုင်းလား ခေါ် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K တို့ကိုလည်း ဖိတ်ကြားခဲ့သော်လည်း တက်ရောက်ခြင်း မရှိခဲ့ကြောင်း သူက ဆက်ပြောသည်။

ဆွေးနွေးပွဲသို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီယား တက်ရောက်ခဲ့သော်လည်း တရုတ် ကိုယ်စားလှယ်က တက်ရောက်ခြင်းမရှိခဲ့ချေ။ တက်ရောက်ဆွေးနွေးနေသည့် တိုင်းရင်းသားခေါင်းဆောင်များ ၁၃၀ ကျော် တက်ရောက် ဆွေးနွေးနေသည်ဟု သိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဒုတိယမူကြမ်းအပေါ် တိုင်းရင်းသားခေါင်းဆောင်များ၏ လိုင်ဇာ ထိပ်သီးအစည်းအဝေးမှ ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ထိုမှရရှိလာသော သဘောထား ချမှတ်ချက်များကို အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ (UPWC) နှင့် NCCT တို့ ဆက်လက်ဆွေးနွေးညှိနှိုင်းသွားမည် ဖြစ်သည်။

Most read this week