မဘသသည် အများဝေဖန်နေသကဲ့သို့ အယူစွဲပြင်းထန်သည့် အဖွဲ့မျိုးမဟုတ်ဟု ရှမ်းပြည်နယ်တောင်ပိုင်း အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးဥတ္တရက ဇူလိုင် ၃၁ ရက်တွင် မဇ္ဈိမကို မိန့်သည်။
“အချို့မီဒီယာတွေ ပြောသလို မဘသဟာ ပြင်းထန်တဲ့ အဖွဲ့မျိုး မဟုတ်ပါဘူး။ ဒီမိုကရေစီသွားနေတဲ့ နိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတစ်ခုသာ ဖြစ်တယ်” ဟု ဦးဥတ္တရက မိန့်ကြားခြင်းဖြစ်သည်။
ရှမ်းပြည်နယ်တောင်ပိုင်း မဘသ၏ ပထမအကြိမ်ညီလာခံကို တောင်ကြီးမြို့၊ ညောင်ဖြူစခန်း ရပ်ကွက်ရှိ ဓမ္မသုခကျောင်းတိုက်၌ ဇူလိုင်လ၃၁ ရက်နံနက်ပိုင်း စတင်ပြုလုပ်သည့် အခမ်းအနားတွင် မိန့်ခြင်းဖြစ်သည်။
ညီလာခံသတင်းထုတ်ပြန်ရေးနှင့် ပြောရေးဆိုခွင့်ရှိသည့် ရှမ်းပြည်တောင်ပိုင်း အမျိုးဘာသာသာသနာ စောင့်ရှောက် ရေးအဖွဲ့မှ အတွင်းရေးမှူး ဆရာတော် ဦးဥတ္တရက “မြို့နယ်အသီးသီးရဲ့ လုပ်ဆောင်ချက်တွေကို နားထောင်ရအောင်ရယ်၊ ဗဟိုညီလာခံမှာ တက်လာတဲ့အကြောင်းအရာတွေကို တဆင့်ပြန်ပြောပြရအောင် ရယ်အစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ ညီလာခံကျင်းပခြင်းဖြစ်တယ်”ဟု ကျင်းပရသည့် ရည်ရွယ်ချက်ကို မိန့် သည်။
ရှမ်းတောင် မဘသညီလာခံမှ ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်သွားမည်ဖြစ်ပြီး ယင်းထုတ်ပြန်ချက်တွင် ဗဟိုမဘသ၏ လမ်းစဉ်အတိုင်း လိုက်နာကျင့်သုံးနိုင်ရန်၊ ကျောင်းတိုင်းတွင် ဓမ္မစကူးဗုဒ္ဓဘာသာ ယဉ်ကျေးမှု လှုပ်ရှား မှုများ လုပ်ဆောင်နိုင်ရန်တို့ ပါ၀င်မည်ဟု ကျင်းပသူတို့က ဆိုသည်။
ညီလာခံတွင် ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်၍ ဆွေးနွေးရန် မပါ၀င်သော်လည်း အခက်အခဲတစ်ခုဖြစ်လာသည့် အခါတိုင်းတွင် မဘသအဖွဲ့သည် အစ္စလာမ်ဘာသာဝင် လူကြီးများနှင့် နှစ်ဖက်ညှိနှိုင်းပြီး စေ့စပ် ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆရာတော်က မိန့် သည်။
မဘသဗဟိုအလုပ်အမှုဆောင် ဓမ္မစက္က ဦးမောင်မောင်ကလည်း မဘသသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့ပြီး ထွက်ပေါ်ခဲ့သည့် အမျိုးမျိုးသော ကောလာဟလများကို အကုန်အဆင်ပြေ ပျောက်အောင် ရှင်းလင်းနိုင်ခဲ့ပြီး ဖြစ်သည်ဟု ကြွရောက်လာသည့် ဆရာတော်ကြီးများကို လျှောက်ထားခဲ့ သည်။
ရှမ်းတောင် မဘသညီလာခံသို့ တောင်ကြီးခရိုင်၊ လင်းခေးခရိုင်၊ လွိုင်လင်ခရိုင်သုံးခုမှ မဘသဆရာတော်များ၊မဘသအဖွဲ့ဝင်လူပုဂ်္ဂိုလ်များ၊ ၁,၀၀၀ ကျော် တက်ရောက်နေသည်။