အင်န်အယ်လ်ဒီပါတီနှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူငါးသန်း၏ ဆန္ဒပြုချက်လက်မှတ်များကို သမ္မတနှင့် လွှတ်တော်ထံ တင်သွင်းပါက ပြည်သူများ၏ ဆန္ဒအားအလေးထားရန် လိုအပ်သည်ဟု နိုင်ငံရေးသမားများက ပြောကြားသည်။
နိုင်ငံရေးဆောင်းပါးများကို ရေးသားနေသည့် သတင်းစာဆရာ ဦးဖေမြင့်က“သမ္မတကြီးက အများရဲ့ဆန္ဒကို လေးစားပြီးတော့ ဆောင်ရွက်တဲ့ ပုဂ်္ဂိုလ်မျိုးဖြစ်တယ်။လွှတ်တော်မှာလည်း ပြည်သူ့ဆန္ဒက လွှတ်တော်ဆန္ဒဖြစ်တယ်ဆိုတဲ့ သဘောထားမျိုးရှိတယ်၊ ပြည်သူလူထု ငါးသန်းရဲ့ ဆန္ဒကိုလည်း သူတို့အနေနဲ့ အလေးထားဖို့ လိုပါတယ်။ တကယ်လို့ ပြည်သူ ငါးသန်းရဲ့ဆန္ဒကို ဘာမှမတုံ့ပြန်ဘူးဆိုရင်တော့ ပြည်သူ့ဆန္ဒကို အလေးမထားတဲ့ ပုဂ္ဂိုလ်တွေလို့ ပြောရမှာပေါ့” ဟု ပြောကြားခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးထောက်ခံလက်မှတ်မှာ ၄ ဒသမ ၁၅ သန်းရရှိနေပြီဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်က ဇူလိုင် ၃၁ ရက်တွင် မဇ္ဈိမကို ပြောသည်။
“ဒီစာရင်းက မြို့နယ်ပေါင်း ၂၇၇ မြို့နယ်က ရရှိထားတဲ့စာရင်းအရေအတွက်ပါ” ဟု ဦးထွန်းထွန်းဟိန်က ပြောသည်။
ရရှိလာသည့်လက်မှတ်များအား သမ္မတ၊ လွှတ်တော်နှင့် ကာကွယ်ရေးဦးစီးချုပ်ထံသို့ ပေးပို့မည်ဖြစ်သည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက်မူ လွှတ်တော်တွင်း လွှတ်တော်ကိုယ်စားလှယ် ရ၅ ရာခိုင်နှုန်းကျော်က ထောက်ခံရမည်ဖြစ်ပြီး မဲပေးနိုင်သူ ဦးရေ၏ ထက်ဝက်ကျော်က ထောက်ခံမဲပေးရမည်ဖြစ်သဖြင့် လွှတ်တော်အတွင်း ပြင်ဆင်ရန်မှာ အလွန်ခက်ခဲသည်ဟု အင်န်အယ်လ်ဒီပါတီ၏ ဥပဒေအထောက်ကူပြုအဖွဲ့မှ ရှေ့နေ ဦးကိုနီက ပြောကြားသည်။
ထိုသို့ လွှတ်တော်အတွင်း ပြင်ဆင်ရန်ခက်ခဲနေသောကြောင့် ဥပဒေကြောင်းအရ ယခုလို လက်မှတ်ကောက်ခံခဲ့ခြင်းဖြစ်ပြီး ထိုသို့ဆန္ဒပြုခဲ့သည့်အပေါ် ဥပက္ခာပြုခဲ့ပါက ပြည်သူတို့၏ ဆန့်ကျင်ဆန္ဒပြမှုကို ခံရနိုင်ကြောင်းကိုလည်း ပြည်သူ့ခေတ်ဂျာနယ်၏ ပင်တိုင်ဆောင်းပါးရှင် ကိုဝက ပြောကြားသည်။
ကိုဝက “အချိန်တိုလေးအတွင်းမှာ လူငါးသန်းက ဆန္ဒပြုလက်မှတ်ရေးထိုးခဲ့တဲ့အတွက် လွှတ်တော်ကရော၊ အစိုးရကပါ ပြန်လည်သုံးသပ်သင့်ပါတယ်။ သုံးသပ်တယ်၊ မသုံးသပ်ဘူး ဆိုတာကတော့ သူတို့အပေါ် မူတည်ပါတယ်။ လွှတ်တော်ထဲမှာက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှမ်းမိုးထားတာကြောင့် ပြန်မသုံးသပ်ချင်ဘူးဆိုရင်လည်း ဥပဒေကြောင်းအရ ဘာမှ လုပ်လို့မရဘူး။ ဥပဒေကြောင်းအရ လုပ်စရာကုန်သွားပြီဆိုရင်တော့ ပြည်သူလူထုအနေနဲ့ အခြားလုပ်နိုင်တာတွေက ဆန္ဒထုတ်ဖော်တာပေါ့” ဟု ပြောသည်။
၁၉၉၀ ခုနှစ် ရွေးကောက်ခံ ကိုယ်စားလှယ်များအဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဦးဒေးဗစ်လှမြင့်က ၎င်းအနေနှင့် လွှတ်တော်အတွင်း အခြေခံဥပဒေကို ပြင်ဆင်ရန်မှာ ဖြစ်နိုင်ခြေမရှိဟု ထင်မြင်ယူဆကြောင်းကိုလည်း ပြောကြားသည်။ အကယ်၍ ပြင်ဆင်မည်ဆိုပါကလည်း ပြည်သူအများလိုချင်သည့် အခြေအနေအထိ ပြင်ဆင်ရန်မဖြစ်နိုင်ဘဲ နိုင်ငံတကာမှ စောင့်ကြည့်နေသူတို့အား မျက်လှည့်ပြရန်လောက်သာ ပြင်ဆင်ပေးမည်ဟု ဆိုသည်။
အမျိုးစောင့်ဥပဒေရေးဆွဲရန်အတွက် အမျိုးဘာသာစောင့်ရှောက်ရေးအဖွဲ့က တင်သွင်းခဲ့သည့် လက်မှတ် ၁၃ သိန်းကို အရေးတယူပြုသကဲ့သို့ ပုဒ်မ ၄၃၆ အရေး ပြည်သူတို့၏ ဆန္ဒပြုမှုများကိုလည်း အရေးထားရန် လိုသည်ဟု ဆိုကြသည်။