ပီအာရ်စနစ်မသုံးရန် ဆန္ဒပြကန့်ကွက်မည့်သူများရှိ၊ အင်န်အယ်လ်ဒီကလည်း ကန့်ကွက်ကြောင်း ကြေညာ

ပီအာရ်စနစ်မသုံးရန် ဆန္ဒပြကန့်ကွက်မည့်သူများရှိ၊ အင်န်အယ်လ်ဒီကလည်း ကန့်ကွက်ကြောင်း ကြေညာ
by -
မဇ္စျိမ

အချိုးကျကိုယ်စားပြုစနစ် (PR) စနစ်မကျင့်သုံးရန် သြဂုတ်လ ၅ ရက်တွင် လူအင်အား ၁,၀၀၀ ဖြင့် ဆန္ဒဖော်ထုတ်မည်ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါ၀င်မည့်သူ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်မှ ကိုမြတ်ကျော်က ဇူလိုင် ၃၁ တွင် မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်း၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

သြဂုတ် ၅ ရက်၌ မြို့တော်ခန်းမရှေ့ မွန်းလွဲ ၁ နာရီတွင် ဆန္ဒထုတ်ဖော်မည်ဖြစ်ပြီး ခွင့်ပြုမိန့်ကို ဇူလိုင် ၂၉ ရက်တွင် ကျောက်တံတားမြို့နယ် ရဲစခန်း၌ခွင့်ပြုမိန့်တင်ထားသည်။

“တိုင်းပြည်က စစ်အာဏာရှင်စနစ်အောက်က ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ပီအာရ်ကို အမြန်ဆုံး ရုပ်သိမ်းပေးပါ”ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါ၀င်မည့် ဦးကြည်လင်းက ဆိုသည်။

PR စနစ်ကို လွှတ်တော်တွင် စတင် တင်သွင်းရန် ကြိုးပမ်းခဲ့သည့် NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ၎င်းတို့ ပါတီက အချက်သုံးချက်ပေါ်တွင် အခြေခံပြီး PR စနစ်အား ကျင့်သုံးလိုသည်ဟု မဇ္ဈိမသို့ ပြောကြားသည်။

ဦးခင်မောင်ဆွေက “ယခုကာလက နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ ကာလဖြစ်ပါတယ်။ နိုင်ငံပြန်လည် တည်ဆောက်ရမယ့် အချိန်မျိုးမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိဖို့ အရေးကြီးပါတယ်။ သဘောကတော့ ငြိမ်းချမ်းရေးရဖို့ပါ။ ငြိမ်းချမ်းရေးရဖို့ဆိုရင် လူမျိုးကြီးရှစ်မျိုးတည်း မဟုတ်ဘူးလေ။ လူမျိုးငယ်တွေရဲ့ ငြိမ်းချမ်းစွာ နေထိုင်ခွင့်၊ နိုင်ငံရေးမှာ အားလုံးပါ၀င်ခွင့်၊ ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖြစ်လာရင် ဆက်ပြီးတော့ ရရှိလာတဲ့ ညီညွတ်ရေး၊ ငြိမ်းချမ်းရေးတွေကို ရေရှည်ထိန်းသိမ်းသွားနိုင်အောင် လူမျိုးပေါင်းစုံပါ၀င်တဲ့ လွှတ်တော်ရရှိဖို့ လိုပါတယ်”ဟု ပြောကြားသည်။

ထို့နောက် ၎င်းက ဆက်ပြီး ဒုတိယအချက်က ပါတီကြီးတစ်ခုတည်းကသာ လွှမ်းမိုးသွားပြီး တိုင်းပြည်၏ အနာဂတ်ကို ဖော်ဆောင်ရန်ဆိုသည်မှာလည်း မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်။

NLD ပါတီကမူ PR စနစ်ကို မထောက်ခံကြောင်း ဇူလိုင် ၃၁ ရက်နေ့စွဲဖြင့် ကြေညာခဲ့သည်။

Most read this week