ရှမ်းပါတီနှစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP) တို့ နှစ်ပါတီ ပူးပေါင်းရေးအတွက် သြဂုတ် ၃ရက်တွင် နေပြည်တော်၌ တွေ့ဆုံညှိနှိုင်းရန် ကျားဖြူပါတီ(SNDP)ဘက်က ကမ်းလှမ်းမှုကို ကျားခေါင်းပါတီ (SNLD)က ရွှေ့ဆိုင်းထားသည်ဟု SNLD ပါတီ၏ ဗဟိုကော်မတီဝင် နှစ်ဖက်ပါတီ တွေ့ဆုံညှိနှိုင်းရေး အဖွဲ့ဝင် ဦးစိုင်းခင်မောင်ညွန့် က ဇူလိုင် ၃၀ ရက်တွင် မဇ္စျိမကို ပြောသည်။
"အစက နှစ်ပါတီ နှစ်လ တစ်ကြိမ်တွေ့ဖို့ ညှိနှိုင်းရေးအဖွဲ့တွေ သဘောတူထားတယ်၊ ဒါကို မီဒီယာကနေပြီးတော့ ကျားဖြူပါတီ မဖျက်နိုင်ဘူး ကျားခေါင်းပါတီကဖျက်ပြီး ၀င်လာရင် လက်ခံမယ်ဆိုတဲ့ အနေထားမျိုးတွေ ဖြစ်လာတော့ အများကြီးစဉ်းစားစရာဖြစ်လာတယ်” ဟု SNLD ပါတီ၏ ဗဟိုကော်မတီဝင် နှစ်ဖက်ပါတီ တွေ့ဆုံညိနှိုင်းရေး အဖွဲ့ဝင် ဦးစိုင်းခင်မောင်ညွန့်က ပြောသည်။
၎င်းက "ပြန်တွေ့မယ့် အချိန်ကိုတော့ အတိကျ မပြောဆိုနိုင်သေးပါဘူး၊ အခြေအနေပေါ်မူတည်ပါတယ် ” ဟု ပြောသည်။
SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဋ္ဌ ဖြစ်သူ၊ လက်ရှိ ရှမ်းပြည်နယ် သတ္တုနှင့် သစ်တောရေးရာဝန်ကြီး တာဝန်ယူထားသူ ဦးစိုင်းအိုက်ပေါင်းက "ကျားဖြူပါတီ ကတော့ မဖျက်ဘူး၊ တစ်ဖက်ပါတီက ဖျက်ပြီး လာရောက် ပေါင်းစည်းရင်တော့ Welcome ပဲ၊ ဖျက်ပြီးတော့ သူ့ဗဟိုအလုပ်အမှု ဆောင် အဖွဲ့တွေက သဘောတူတယ်၊ သူ့ပါတီက လူတွေ သဘောတူတယ် ဆိုရင်ပေါ့၊ ဒါဒီမိုကရေစီပဲလေ” ဟု ဇူလိုင် ၂၀ ရက်က မဇ္စျိမကို ပြောထားဖူးသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ကို မည်သည့်နည်းနှင့်မျှ ဖျက်သိမ်းသွားမည် မဟုတ်ဟုလည်း ဦးစိုင်းအိုက်ပေါင်းက မဇ္စျိမကို ပြောသည်။
နဂိုမူလက ရည်ရွယ်ထားသည့် ရှမ်းပါတီ နှစ်ခု တစ်ပါတီတည်း ဖြစ်ပေါ်လာရေးသည် တစ်ဘက်ပါတီဖျက်ပြီး တစ်ဘက်ပါတီကို ၀င်ရန်မဟုတ်ဘဲ သူ့ပါတီ ကိုယ့်ပါတီ ရပ်တည်ချက်များအား ညှိနှိုင်းပြီး နှစ်ပါတီ တစ်ပါတီဖြစ်ပေါ်လာရန် ရဟန်း၊ သံဃာ၊ ပြည်သူများ၏ တောင်းဆိုချက်အရ တွေ့ဆုံညှိနှိုင်းနေခြင်းလည်း ဖြစ်သည်ဟု ဦးစိုင်းခင်မောင်ညွန့်က ပြောသည်။
ရှမ်းနှစ်ပါတီ ပေါင်းစည်းဆောင်ရွက်ရေးအတွက် နှစ်ဘက်ပါတီမှ ကိုယ်စားလှယ် (၅) ဦးစီပါ၀င်သော အဖွဲ့များသည် မေလက တောင်ကြီးတွင် ပထမအကြိမ် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအပြီးတွင် ရှမ်းနှစ်ပါတီ ပေါင်းစည်းရေးအတွက် သဘောတူညီကြပြီး စဉ်ဆက် မပြတ် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။