တိုင်းရင်းသားတို့ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် အချိန်ဟု ကေအိုင်အို ဒု-ဥက္ကဋ္ဌ သုံးသပ်

တိုင်းရင်းသားတို့ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် အချိန်ဟု ကေအိုင်အို ဒု-ဥက္ကဋ္ဌ သုံးသပ်
by -
မဇ္စျိမ

တိုင်းရင်းသားတို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် အချိန်ရောက်နေပြီဖြစ်သဖြင့် တိုင်းရင်းသား ခေါင်းဆောင်တို့ ပေါ့ဆ၍မရဟု ကေအိုင်အို ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုလိုက်သည်။

“ကျွန်တော်တို့ ပေါ့ဆလို့ တစ်ချက်မှားတာနဲ့ တစ်သက်ပြန်ခံရမှာဖြစ်တယ်”ဟု ဇူလိုင် ၃၀ က ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

NCCT-laiza-summit

တိုင်းရင်းသားအဖွဲ့အစည်းတို့က နှစ်ပေါင်း ခြောက်ဆယ်ကျော် တိုက်ပွဲဝင်ခဲ့သော်လည်း ဘာမှပြောခွင့်မရခဲ့ဘဲ လက်ရှိအချိန်သည် ရလဒ်ကောင်းတစ်ခုဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောသည်။

သို့သော်  ဒီလိုအချိန်အခါမျိုးမှာ ကျွန်တော်တို့ တောင်းဆိုသင့်တောင်းဆိုထိုက်တဲ့ အခွင့်အရေးတွေကို ပြည့်ပြည့်ဝဝ တောင်းဆိုတတ်ဖို့လည်း လိုပါတယ်”ဟု ၎င်းက ဆိုသည်။၂၀၁၁ခုနှစ် ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်များ လုပ်ဆောင်ရန် တိုင်းရင်းသားများကို ဖိတ်ခေါ်ခဲ့သည်။

နောက်ဆက်တွဲအဖြစ် တိုင်းရင်းသား ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC တို့ ပူးပေါင်းရေးဆွဲထားသည့် တစ်နိုင်ငံလုံးအပစ်ခတ် ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် ဒုတိယမူကြမ်းတစ်ရပ် ပေါ်ထွက်လာခဲ့သည်။

ထိပ်သီးအစည်းအဝေးမှာ တိုင်းပြည်တစ်ခုလုံးနှင့်ဆိုင်သည့် ကိစ္စများဆွေးနွေးပွဲဖြစ်သည့် အတွက် “မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ၊ လွဲချော်တဲ့ ဆုံးဖြတ်ချက်တွေ မဖြစ်ဖို့အတွက် သတိပေးခြင်းလို့ပဲ ယူဆပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး၏ ဥက္ကဋ္ဌ ရဲဘော်သံခဲက မဇ္ဈိမကို ပြောသည်။

လက်ရှိ ကျင်းပနေသည့် တိုင်းရင်းသားခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် အဆိုပါမူကြမ်းအပေါ် အဓိကဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး သဘောတူဆုံးဖြတ်ချက် ဆယ်ချက်ချမှတ်ထားသည်။ တရုတ်-မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင်ဇူလိုင်၂၅ မှ ၂၉ရက်ထိ NCCT အဖွဲ့ ၀င်ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို ကျင်းပပြီးဖြစ်ကာ ဇူလိုင် ၃၀ နှင့် ၃၁ တွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို ဆက်လက် ကျင်းပမည် ဖြစ်သည်။

ဇူလိုင် ၃၀ရက် ဆွေးနွေးမှုရလဒ်အရ တိုင်းရင်းသားတို့၏ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စေ့စပ် ညှိနှိုင်းရေးအဖွဲ့NCCT ကို ကြီးကြပ်မည့် ဦးဆောင်ကော်မတီတစ်ရပ်ဖွဲ့စည်းရန် ဆွေးနွေးထားပြီး ဇူလိုင် ၃၁ ရက်တွင် အပြီးသတ်ဆုံးဖြတ်ချက်ချရန် စီစဉ်ထားသည်။