သံရုံးသို့ သွားရောက်ရန်မလိုဘဲ နိုင်ငံသားစိစစ်ခြင်းဆောင်ရွက်နိုင်

သံရုံးသို့ သွားရောက်ရန်မလိုဘဲ နိုင်ငံသားစိစစ်ခြင်းဆောင်ရွက်နိုင်
by -
မွန်အေဂျင်စီ

ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမားများအနေဖြင့် မြန်မာသံရုံးသို့ ကိုယ်တိုင်သွား ရောက်ရန်မလိုဘဲ မြန်မာအလုပ်သမားများကူညီစောင့်ရှောက်ရေးကော်မတီ အကျိုးဆောင်များထံ တိုက်ရိုက် ဆက်သွယ်ပြီး မိမိနေထိုင်ရာ စက်ရုံ၊ အလုပ်ရုံများသို့ နိုင်ငံသားစိစစ်ခြင်းဆောင်ရွက်နိုင်ရန် အကူအညီ တောင်းခံနိုင်သည်။

မြန်မာနိုင်ငံသား စိစစ်ခြင်းနိုင်ရန် လျှောက်လွှာနှင့်အတူ ထိုင်း၊ မြန်မာဘာသာစကားနှစ်မျိုးလုံးဖြင့် ဖြည့်စွက်ရန်လိုအပ်သည့်အတွက် မြန်မာသံရုံးအနေဖြင့်လည်း ပန်းရောင်ကဒ်ကိုင်ဆောင်ထားသော အလုပ်သမားများအား အမြန်ဆုံးနိုင်ငံသား ဆောင်ရွက်ခြင်းလုပ်ငန်းကို လုပ်ဆောင်ပါရန် တိုက်တွန်းနှိုး ဆော်ထားသည့် ကြေညာချက်တစ်စောင် ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်တွင် ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ရေးကော်မတီ အကျိုးဆောင် ကိုတီးက “ဒီရက်ပိုင်းအတွင်းမှာ တချို့အလုပ်သမားတွေက ပန်းရောင်ကဒ်ရိုက်နေတုန်းပဲ၊ တချို့အလုပ်သမားတွေက ဒီလို ရိုက်ရမယ်ဆိုတာကို သိတောင်မသိပါဘူး၊ ခုလိုအသိပေးနိုင်မယ်ဆိုရင် အလုပ်သမားတွေ အခုထက်ပိုပြီး မြန်မြန်စာရင်းပေးသွင်းနိုင်မှာပါ” ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား အများစုမှာ Passport ကြီးခေါ် နိုင်ငံကူးလက်မှတ်ကို ပြုလုပ်ရန်အတွက်သာ အားသန်နေကြကြောင်း၊ နှစ်နိုင်ငံဥပဒေနှင့်အညီ အဆင့်ဆင့်မည် ကဲ့ သို့လုပ်ဆောင်ရမည်ကို အများစုက မသိရှိသေးဟု ဆိုသည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး အကျိုးဆောင်များ မိမိအလုပ်လုပ်ကိုင်နေသည့် စက်ရုံအထိ နိုင်ငံသားစိစစ်ခြင်း သွားရောက်စာရင်းကောက်ခံရာတွင် မှတ်ပုံတင်(သို့မဟုတ်) နိုင်ငံသာစိစစ်ရေး ကတ်ပြား လက်ဝယ်မရှိသူများအား လွယ်ကူမြန်ဆန်စေရေးအတွက် မြန်မာနိုင်ငံနေရပ်လိပ်စာများကို မှန်မှန်ကန်ကန် ဖေါ်ပြရမည် ဖြစ်သည်။

သို့ရာတွင် မြန်မာသံရုံးသို့ ကိုယ်တိုင် ကိုယ်ကျ နိုင်ငံသားထောက်ခံချက်ပြုလုပ်လိုသည့် အလုပ်သမားများ အနေဖြင့် မိမိတို့၏မြန်မာနိုင်ငံသားစိစစ်ရေးကတ်ပြား(သို့မဟုတ်) မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားမိတ္တူ၊ ပါတ်စပို့ဓါတ်ပုံ(၂)ပုံ ၊ ထိုင်းအစိုးရထုတ်ပေးသည့် ပန်းရောင်ကဒ်ပြား(မိတ္တူ)ဖြင့် ကောင်စစ်၊ မြန်မာနိုင်ငံသားသို့ လာရောက်စာရင်းပေးသွင်းနိုင်ပြီး အခမဲ့ဆောင်ရွက်ပေးမည်ဟု မြန်မာသံရုံးကြေညာချက်တွင် ဖေါ်ပြထားသည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ကိုစိုးသက်နိုင်က “ကျနော်တို့ဘက်က တချို့အလုပ်သမားအသစ်တွေကို သူဌေးအာမ မခံပေးအတွက် ပန်းရောင်ကဒ်ကိုလည်း သူတို့လုပ်လို့မရပါဘူး၊ အဲဒါကြောင့် သူတို့ အလုပ်လုပ်နိုင် ဖို့အတွက် ယာယီ Passport ကိုဦးတည်ပြီးလုပ်နေရပါတယ်၊ ဒီ ၃ လအတွင်းမှာတော့ ဖမ်းဆီးတာတွေသိပ်မရှိဘူးလို့ပြောနေကြတာပဲ” ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးသည့်နောက် ထိုင်းအမျိုးသားငြိမ်းချမ်းရေးနှင့် လုံခြုံရေးကောင်စီက အထောက်အထားမဲ့ နိုင်ငံခြားအလုပ်သမားများအား အလုပ်ရှင်ထောက်ခံချက်ဖြင့် ပန်းရောင်ကဒ်ပြားများကို One Stop Service ခေါ် တစ်နေရာတစ်နေ့တည်းအပြီးစနစ်ဖြင့် စခန်းဖွင့် ပြုလုပ်ပေးလျက်ရှိသည်။

ပန်းရောင်ကဒ်ပြားများထုတ်ပေးရေးကို ထိုင်းအစိုးရက ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့တွင် စမွတ်စခွန်ခရိုင်(မဟာချိုင်ဒေသ) ၌ စတင်ပြုလုပ်ပေးခဲ့ပြီး ယခုအခါ ထိုင်းတောင်ပိုင်းနှင့် အလယ်ပိုင်းခရိုင် ရ နေရာနှင့် ဘန်ကောက်ခရိုင် ၆ နေရာတို့တွင် ဖွင့်လှစ်ပြုလုပ် ပေးလျက်ရှိသည်။

ထိုင်းအစိုးရကလည်း လက်ရှိ ပန်းရောင်ကဒ်ပြားများကို ကိုင်ဆောင်ထားသည့် အလုပ်သမားများအနေဖြင့် ရက်ပေါင်း ၆၀ အတွင်း သက်ဆိုင်ရာနိုင်ငံအသီးသီး၏ အစိုးရထံမှ နိုင်ငံသားမှန်ကန်ကြောင်း ထောက်ခံချက် ရယူပြီးမှသာလျှင် ထိုင်းအစိုးရက အလုပ်လုပ်ခွင့်လက်မှတ်(Work Permit) ဆက်လက်ထုတ်ပေးမည်ဟုလည်း ကြေညာထားသည်။

Most read this week