တာချီလိတ်-မိုင်းဆတ်လမ်းမပေါ်တွင် မောင်းနှင်လာသည့် ကိုယ်ပိုင်ယာဉ်ပေါ်မှ ကျပ်သိန်းပေါင်း နှစ်သောင်း ကျော် တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၄၀၀ ကျော်နှင့် လက်နက်ခဲယမ်းများ ဖမ်းမိခဲ့သည့်ဖြစ်စဉ်တစ်ခု ဇူလိုင်လ ၂၈ ရက်၊ နံနက် ၁၀ နာရီ ခွဲဝန်းကျင်က တာချီလိတ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရှမ်းပြည် နယ်ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ မိုင်းဆတ်မြို့ဘက်မှ တာချီလိတ်မြို့ဘက်သို့ မောင်းနှင်လာသည့် Vigo အမျိုးအစား အဖြူရောင် ယာဉ်ကို ရှာဖွေရန် ရပ်တန့်ခိုင်းရာ ရပ်တန့်ခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့သဖြင့် လိုက်လံဖမ်းဆီးရာ ပန်းကော်ရွာအနီးတွင် ဖမ်းမိခဲ့သည်။
၎င်းယာဉ်ပေါ်တွင် ဘိန်းဖြူဘလောက်တုံး ၄၀၄ တုံး(ကျပ် ၂၂၆၂၄သိန်း)၊ M-22 မောင်းပြန်ရိုင်ဖယ်သေနတ် နှစ်လက်၊ M-22 ကျည် ၂၁၇ တောင့်၊ M-22 ကျည်အိမ် ရှစ်ခု၊ M-16 မောင်းပြန်ရိုင်ဖယ် နှစ်လက်၊ M-16 ကျည် ၂၅၆ တောင့်၊ M-16 ကျည်အိမ်တို ၁၂ ခု၊ ကျည်အိမ်ရှည် တစ်ခု၊ 9MM Luger အနက်ရောင် ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည် ၃၃ တောင့်၊ ကျည်အိမ် နှစ်ခုနှင့် 9MM အဖြူရောင်ပစ္စတို တစ်လက်၊ ကျည်အိမ်တစ်ခုတို့ကို စစ်ဆေးတွေ့ရှိခဲ့သည်။
ယင်းနောက် ဆက်လက်စစ်ဆေးရာ သေနတ်များသာ မဟုတ်ပဲ M-91 လက်ပစ်ဗုံး နှစ်လုံးနှင့် စိစစ်ဆဲ လက်ပစ်ဗုံးတစ်လုံး၊ လက်ကိုင်စကားပြောစက် သုံးလုံး၊ ဖုန်း သုံးလုံး၊ ထိုင်းဘတ်ငွေ သုံးသောင်ကျော်တို့ကို ထပ်မံတွေ့ရှိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အထက်ပါယာဉ်ကို မောင်းနှင်လာသူ မှာ မိုင်းဆတ်မြို့တွင် နေထိုင်သည့် အသက် (၂၀)အရွယ် လူငယ်တစ်ဦး ဖြစ်ပြီး ယာဉ်ပေါ်တွင် အသက်(၃၀)အရွယ် အမျိုးသားတစ်ဦးပါ လိုက်ပါလာခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ တရားမဝင်သယ်ဆောင်လာသူ အားဘီးနှင့် အားဖာတို့ နှစ်ဦးကို တာချီလိတ်မြို့မရဲစခန်းက မယ(ပ) ၁၀၇/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/ ၁၉ (က)/၂၂(ခ)/၂၀(ခ)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။