အချိုးးကျကိုယ်စားပြုစနစ် (ပီအာရ်)ကို ပြည်သူ့လွှတ်တော်တွင် ကျင့်သုံးရေးဆိုသည့် ပုဇွန်တောင် လွှတ်တော်အမတ် ဦးအောင်ဇင်၏အဆိုအား ကန့်ကွက်ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်ရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းရေးကို ကန့်ကွက်ခြင်းမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့မီဒီယာများအား လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က“အန်တီတို့ထောက်ခံတာက ဥက္ကဋ္ဌကြီးပြောသွားတာကို ထောက်ခံတာ၊ ဦးအောင်ဇင် ပြောသွားတဲ့ အဆိုအတိုုင်း မဟုတ်ဘူး၊ အဲဒါကို အန်တီတို့ ဗွိုက်စ်(အသံ)ကနေပြီးတော့ နားထောင်မယ်၊ နားထောင်ပြီးရင် အသံဖိုင်ထဲမှာ ပါတဲ့အတိုင်း ဥက္ကဋ္ဌကြီးပြောသွားတဲ့အဆိုကို ထောက်ခံတာပါဆိုပြီးတော့ အန်တီတို့ရဲ့ ကိုယ်စားလှယ်တွေအားလုံး လက်မှတ်ထိုးပြီးတော့ တရားဝင်တင်မယ်”ဟု လွှတ်တော်အပြီးတွင် ပြောကြားသည်။
သို့သော် မည်သည့်အချိန်တွင်တင်မည်ဆိုသည်ကိုမူ ဒေါ်အောင်ဆန်းစုကြည်က အသေးစိတ် မပြောကြားခဲ့ပေ။ ယနေ့ လွှတ်တော်တွင် ပီအာရ်စနစ်ကို အကြိတ်အနယ်ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏သဘောထားကို မေးမြန်းပြီးနောက် အဆိုရှင်ဦးအောင်ဇင်က မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ရွေးကောက်ပွဲစနစ်ကို ကော်မရှင် သို့မဟုတ် ကော်မတီဖွဲ့လေ့လာရန် အဆိုထပ်မံတင်ခဲ့ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မတ်တပ်ရပ်စနစ်ဖြင့် မဲခွဲဆုံးဖြတ်ခဲ့သည်။
ထိုသို့မဲခွဲဆုံးဖြတ်ရာ အင်န်အယ်လ်ဒီအမတ်များနှင့် တိုင်းရင်းသားအမတ်အချို့က ကန့်ကွက်နေစဉ် ဒေါ်အောင်ဆန်းစုကြည်က “ဥက္ကဋ္ဌကြီးရှင့် ကျွန်မကနေပြီးတော့ အဆိုကို ကန့်ကွက်တာ ထောက်ခံတာထက် ဘယ်အဆိုကို ကျွန်မတို့ ကန့်ကွက်နေတာ၊ ထောက်ခံနေတာဆိုတာ မရှင်းလို့ပါ၊ ဦးအောင်ဇင်ရဲ့ အာဂျင်ဒါထဲမှာ ရေးထားတဲ့အဆိုမှာဆိုလို့ရှိရင် ကော်မရှင်ဖွဲ့ရေးဆိုတာ လုံးဝမပါပါဘူး”ဟု ကန့်ကွက်ခဲ့သည်။
၎င်းက “အဲဒီဟာနဲ့ ဥက္ကဋ္ဌကြီးပြောလိုက်တာနဲ့ ကော်မရှင်ဖွဲ့ရေးကိစ္စကို သဘောတူလားဆိုတာ နည်းနည်း ကွဲလွဲမှုရှိနေလို့ပါ၊ ကျွန်မတို့က ဘာအတွက် ဆန္ဒပြုနေတာဆိုတာကို သိချင်ပါတယ်။ ကျွန်မတို့ ထောက်ခံနေတာ၊ ကန့်ကွက်နေတာဆိုတာ အခုအာဂျင်ဒါမှာပြထားတဲ့ ဦးအောင်ဇင်ရဲ့ အဆိုကိုလား၊ အခုဥက္ကဋ္ဌကြီးပြောသွားတဲ့ ရွေးကောက်ပွဲစနစ်၊ သင့်လျော်ရာရွေးကောက်ပွဲစနစ်ကို ဆွေးနွေးရမယ်ဆိုတဲ့ ကော်မရှင် အဖွဲ့ဖွဲ့စည်းရမယ်ဆိုတဲ့ အဆိုကိုလားဆိုတာ မရှင်းလို့ပါ၊ မရှင်းလို့ပါဆိုတာ ကျွန်မတို့အနေနဲ့ ကန့်ကွက်ဖို့ကော၊ ထောက်ခံဖို့ပါ ခက်ပါတယ်”ဟု ဖြည့်စွက် ပြောသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပီအာရ်စနစ်ကို ကျင့်သုံးရန် ကိုယ်တိုင်မထောက်ခံဘဲ သင့်လျော်သည့် စနစ်တစ်ခု ကျင့်သုံးရန် လေ့လာရေးအတွက် ကော်မရှင်ဖွဲ့ရေးသာဟု ပြောသည်။