အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအပေါ် အစိုးရလက်မခံသည့် ကာလပတ်လုံး နိုင်ငံရေးပြဿနာ ပြေလည်နိုင်မည်မဟုတ်ဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာက ပြောလိုက်သည်။
ယင်းအပေါ်အစိုးရက ယခုအထိ လက်မခံနိုင်သေးဟုဆိုကာ ကေအိုင်အေဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ NCCT ထိပ်သီးအစည်းအဝေးအပြီး ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံစဉ် “အစိုးရက ရှောင်နေတယ်”ဟု နိုင်ဟံသာက ပြောခဲ့သေးသည်။
“ဒါကိုဆွေးနွေးလို့ မရတော့ ဆွေးနွေးပွဲက တန့်နေတယ်။ သဘောကတော့ ရှေ့တိုးလို့ မရဘူးဖြစ်နေတယ်” ဟုလည်း ပြောသည်။ အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) နှင့်NCCT တို့ ရှစ်ကြိမ်ခန့် တွေ့ဆုံပြီးနောက် သဘောကွဲနေသေးသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ဒုတိယမူကြမ်းကို NCCT ခေါင်းဆောင်တို့ လေးရက်ကြာ ဆွေးနွေးအပြီးတွင် ပြောဆိုခြင်းလည်းဖြစ်သည်။
“တိုင်းရင်းသားတွေရဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အာဏာရထားတဲ့ စစ်အုပ်စုက လက်မခံချင်သေးဘူး”ဟု နိုင်ဟံသာက ပြောသည်။
ရက်ရှည်ဆွေးနွေးပွဲအပြီးတွင် အစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်းများကြား ပြေလည်မှု မရှိသေးသည့် “တော်လှန်ရေး” ဟူသည့် စကားလုံးကို အပစ်ရပ်မူကြမ်း၏ ခေါင်းစဉ်တွင် မသုံးနှုန်းဘဲ စာပိုဒ်တစ်ခုခုတွင်သာ သုံးရန် သဘောတူနိုင်ခဲ့သည်ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက မဇ္ဈိမကို ပြောသည်။