သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့ မြို့မ ရဲစခန်းမှ အချုပ်သား ရ ဦး ထွက်ပြေးရာ သေနတ် ပစ်ဖောက် ဖမ်းဆီး မှုေကြောင့် သုံးဦး သေဆုံးကြောင်း သက်ဆိုင်ရာမှ တဆင့် သိရသည်။
“တာဝန်ကျရဲတွေ အမျိုးသားအချုပ်ခန်းမှာ စောင်ထုပ်သွားချပေးတဲ့အချိန်ပေါ့။ အချုပ်ခန်းတံခါးဝ ကနေ စောင်တွေသွင်းပေးနေတုန်း အချုပ်သားတွေက တံခါးကို အတင်းတွန်းပြီး ထွက်ပြေးတယ်” ဟု ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဂျူလိုင်လ ၂၆ ရက် ည ၆ နာရီခန့် အမျိုးသားအချုပ်ခန်း၌ တာဝန်ကျရဲများဖြစ်ကြသော ဒုရဲအုပ် ထွန်းခိုင်စိုး၊ ရဲတပ်ကြပ် ခင်လှဌေး၊ ရဲဒုတပ်ကြပ် နောင်နောင်တို့မှ စောင်ထုပ်များကို အချုပ်ခန်း တံခါးဝမှ သွင်းပေးစဉ် အချုပ်သား(၇)ဦးက အတင်းတွန်းထွက်ကာ ရဲ တစ်ဦးအား ထိုးနှက်ခဲ့ ကြောင်း၊ တာဝန်မှုးဒုရဲအုပ်နှင့် ကင်းမှူးရဲတပ်ကြပ်တို့က အဆိုပါအချုပ်သားအား ဖမ်းဆီး ရန်ကြိုးပမ်းစဉ် အချုပ်ခန်းအပြင်တွင် ရောက်ရှိ နေနှင့်သော အချုပ်သား ၆ ဦးကလည်း ဝိုင်းဝန်းထိုးကြိတ် ကြောင်း၊ အချုပ်ခန်းအပြင်ဘက် ဘေးပတ်လည်ရှိ ကာရံထားသော သံဇကာအား ဖျက်ပြီးထွက် ပြေးကြ ကြောင်း ရဲထုတ်ပြန်ချက်၌ ရေးသားထားသည်။
အချုပ်သားများက ရဲတပ်ဖွဲ့များအား ခုခံရိုက်နှက်ထွက်ပြေးသောကြောင့် စခန်းမှူးအပါအ ဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦးဒဏ်ရာရရှိကြောင်း လည်း ဖော်ပြထားသည်။
“သေနတ်နဲ့ပစ်တော့ အချုပ်သား ၃ ယောက်သေပြီး ၄ ယောက် ဒဏ်ရာရတယ်။ အချုပ်သားတွေ ရိုက်နှက်လို့ စခန်းမှူးတော့ နံရိုးအားလုံး ကျိုးသွားတယ်။ ထွက်ပြေးတဲ့ အချုပ်သား ရ ယောက်စလုံး မူးယစ်ဆေးဝါးမှုနဲ့ တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့သူတွေပါ” ဟု အဆိုပါ ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူက ပြောပါတယ်။
အချုပ်ခန်း ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များကလည်း M-၂၂ သေနတ် ၁ လက်၊ HK –၃၃ သေနတ် ၂ လက် ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
သေဆုံးသူ ၃ ဦး၊ ဒဏ်ရာရရှိသူ ၄ဦးနှင့် ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင် ၅ ဦးတို့ကို ရဲဆေးစာဖြင့် ကျောက်မဲ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ ဒဏ်ရာအပြင်းအထန်ရရှိသော စခန်းမှူးမှာ စိုးရိမ်ရသဖြင့် ကျောက်မဲ ဆေးရုံမှ မန္တလေးဆေးရုံသို့ ပြောင်းရွှေ့ကုသမှု ခံယူလျှက်ရှိကြောင်း၊ ထွက်ပြေးအချုပ် သားများအား ကျောက်မဲမြို့ မရဲစခန်းက (ပ)၃၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၇/၃၃၃/၂၉၄/၂၂၄/၁၁၄ အရ အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။