ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းတွင် လူဦးရေစာရင်း စစ်ဆေး

ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းတွင် လူဦးရေစာရင်း စစ်ဆေး
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းတွင် လူဦးရေ စာရင်းစစ်ဆေးမှုကို ပြီးခဲ့တဲ့ ဇူလှိုင်လ ၂၅ရက်နှင့် ၂၆ရက်နေ့ တို့တွင် ထိုင်းစစ်တပ်မှ လာရောက်စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

“ထူးထူးခြားခြားတော့ ဘာမှမရှိပါဘူး။ သူတို့လာလုပ်တာက လူဦးရေ ဘယ်လောက်ရှိလဲ ဆိုတာတွေကိုပေါ့” ဟု ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းကော်မတီ ဥက္ကဌ မိုးဘူးက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

စခန်းအတွင်း နေထိုင် သူများကို စာရင်းကောက်ယူရာတွင် အိမ်နံပါတ်အလိုက် မိသားစုများကို ခေါ်ယူကာ လက်ပွေနိပ်ခြင်း၊ ဓါတ်ပုံရိုက်ယူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စခန်းကော်မတီ ဥက္ကဌက “အစည်းဝေးထဲမှာ ပြောတုန်းကနဲ့ ကွာခြားချက်နည်းနည်းရှိတာက တကယ်လို့ လူမရှိဘူးဆိုရင် ဘယ်လိုဖြစ်မယ် ဘယ်လိုလုပ်မယ်ဆိုတာကို တကယ်လို့ ဒီတစ်ယောက်က မရှိဘူးဆိုရင် ဒီလူဟာ အပြစ်ရှိတယ် ဘာတွေညာတွေပြောတယ် ဒါပေမယ့် အခု လောလောဆယ် ဘာမှမပြောသေးဘူး ပေါ့နော်”ဟု ပြောသည်။

ယခုလို ထိုင်းစစ်တပ်မှ စစ်ကားများဖြင့် စခန်းအတွင်းသို့ ဝင်ရောက်စစ်ဆေးမှုအပေါ် မိမိတို့ စခန်းသူစခန်းသားများအနေဖြင့် ကြောက်စိတ် စိုးရိမ်စိတ်များနှင့် စိတ်ဆင်းရဲနေရကြောင်း နှင့် မိမိတို့အပေါ် တစုံတရာသက်ရောက်မှု ရှိလာမှာကို စိုးရိမ်မှုများရှိနေကြောင်း စခန်းတွင် နေထိုင်သူ မဘဲမယ်က ဆိုသည်။

မဘဲမယ်က “သူတို့ကို စစတွေ့တုန်းကဆိုရင် တုန်တောင်တုန်တယ် ပြီးတော့ ဒီလိုမျိုး ပုံရိုက်ပြီး ပြန်ပို့မလားဆိုပြီးတော့ ကြောက်တာပေါ့နော်။ တစ်ချို့က တတိယနိုင်ငံပဲ ထွက်သွားရင်ကောင်းမယ်၊ တချို့က ပြည်တွင်းပြန်ရင် ကောင်းမယ်လို့ပြောလာကြတယ်။ ဒီမှာ ဆက်နေရင် တစ်နေ့ကျရင် သူများကလာပြီး နှိပ်စက်မှာကို တွေးပြီး ကြောက်နေတာ။ တချို့ကြပြန်တော့လည်း ပြည်တွင်းပြန်ရင် သူများလို အလုပ်မလုပ်နိုင်တော့ဘူး တတိယနိုင်ငံ သွားချင်ပေမယ့် မသွားရဘူး ဒီမှာနေရင်လည်း တနေ့ကျရင် သူများလာနှိပ်စက်မှာကို ကြောက်တာတွေရှိတယ်” ဟု ပြောသည်။

ယခုလို ဒုက္ခသည်များအား ထိုင်းစစ်တပ်မှ လူဦးရေးစာရင်း လာရောက်ကောက်ယူမှုအပေါ် တင်းကြပ်လာသလို ခံစားရပြီး မိမိတို့ကို နောက်ထပ် ဒုက္ခသည်စခန်းတွင် နေခွင့်ပေး၊ မပေး ကို တွေးပြီး စိုးရိမ်ကြောင်းနှင့် မိမိတို့ကို နေရပ်ပြန်ပို့ရေးကိုတွေးပြီး အလွန်စိုးရိမ်မိကြောင်း မီမယ်က ပြောသည်။

စခန်း ၁ အတွင်း လူဦးရေ စာရင်းစစ်ဆေးမှုကို ၂ ရက်တာ စစ်ဆေးမှုပြုလုပ်ခဲ့ပြီးသော်လည်း ရှေ့ဆက်ပြီး မည်သို့လုပ်ဆောင်သွားဦးမည်ကို မသိရသေးကြောင်း စခန်းကော်မတီ ဥက္ကဌက ပြောသည်။