သစ်ထုတ်ခွင့် ရထားသည့် ကုမ္ပဏီက ရွာ ၅ ရွာအား လျှပ်စစ်မီး ပေး

သစ်ထုတ်ခွင့် ရထားသည့် ကုမ္ပဏီက ရွာ ၅ ရွာအား လျှပ်စစ်မီး ပေး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း မိုင်းပန် မြို့နယ် အတွင်း တကြိမ်လျှင် တန် ၆၅၀၀ သစ် ထုတ်ခွင့် ရခဲ့သော  တင်မြင့်ရီ ကုမ္ပဏီက ကျေးလက် ရွာ ၅ ရွာအတွက် လျှပ်စစ်မီး လှူဒါန်းသည့် အခမ်းအနားဖွင့်ပွဲအား ဇူလိုင်လ ၂၄ရက်နေ့က မိုင်းပန်မြို့တွင် ကျင်းပ ခဲ့သည်။

မိုင်းပန်မြို့နယ်အတွင်း နှစ်ချီလများ သစ်ထုတ်ယူနေသည့် တင်မြင့်ရီ ကုမ္ပဏီသည် သျှမ်းပြည်နယ် အစိုးရ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးထွန်းရင်အားဖိတ်ကြားကာ  မိုင်းပန်မြို့ စဝ်ကောလီခန်းမ တွင် “တင်မြင့်ရီ ကုမ္ပဏီမှ လှူဒါန်းသည့် ကျေးရွာ ၅ ရွာ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနား”  ဖွင့်လှစ်စေခဲ့ကြောင်း မိုင်းပန်မြို့ခံများက ပြောသည်။

5 villages gets electricity by tin myint ye timber company

“ကျနော်တို့မြို့က ကျိုင်းတောင်းရေအားလျှပ်စစ် ထုတ်လုပ်တဲ့ နေရာနဲ့ အရမ်းနီးတယ်။ မီးက အခုမှ ရမှာ။ ကျေးဇူးတော့တင်ပါတယ်။ ဒါပေမယ့် သစ်ကားတွေကြောင့် ကျနော်တို့မြို့မှာ လမ်းတွေပျက်တယ်။ မိုးမရွာရင် မရွာဘူး။ ရွာပြန်တော့လဲ ရေဘေး တအားကြောက်ရတယ်။ ဒါမျိုးက သစ်တောသစ် ပင် ထူထပ်တုန်းက သိပ်မကြောက်ရဘူး။ အခု အခြေအနေကြုံရတာ က သစ်တောပြုန်းလို့ ဆိုဘဲ  ” ဟု မိုင်းပန်ရပ်မိရပ်ဖ စိုင်းန  ကပြောသည်။

တင်မြင့်ရီ ကုမ္ပဏီမှ လျှပ်စစ်မီးလှူဒါန်းပေးသည့် မိုင်းပန်မြို့နယ် ကျေးလက် ရွာ ၅ ရွာမှာ ဟိုဖိုင်ရွာ၊ ဝမ့်နေရွာ၊ ဆွပ်ဟွေ့ရွာ ၊ နားလောရွာ နှင့် မောင်းဟောင်းရွာတို့ဖြစ်သည်ဟု ဆိုသည်။

“ဟိုဘက်ရွာတော့ ဓါတ်တိုင်တွေကခိုင်ခန့်တယ်။ အုတ်တိုင်တွေ ။ ကျနော်တို့ရွာတော့ သစ်တိုင်ဘဲ။ ဒါပေ မယ့် ရွာခံတွေကတော့ ကိုယ့်အိမ်အရောက် မီးတိုင် မီးကြိုးဝယ်ရတာပေါ့။ ကျနော်တို့တော့ ပိုက်ဆံမရှိ လို့ မီးမရသေးဘူး” အသက် ၄၀ အရွယ် အိုက်လူးလုံ ကပြောသည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ဓါတ်အား အများဆုံး ထွက်သည့် ကျိုင်းတောင်းရေတံခွန် တည်ရှိရာ လင်းခေးခရိုင် မိုးနဲ၊ ကျိုင်းတောင်း၊ မိုင်းပန်၊ ဟိုမိဏ်း ဒေသအတွင်းတွင် ကျွန်းနှင့် သစ်မာများ အပေါများဆုံး နေရာဖြစ်သည်။

တင်မြင့်ရီကုမ္ပဏီကဲ့သို့ အခြားသော ကုမ္ပဏီများကလည်း အဆိုပါဒေသ အတွင်း သစ်တန်ချိန်ပေါင်း များစွာထုတ်ယူနေသည်။ အဆိုပါဒေသသည် တစ်နှစ်လျှင် သစ်တန်ချိန် သိန်းဂဏန်းထွက်ရှိသည်ဟု သျှမ်းပြည်နယ် သစ်နှင့်သတ္တုဝန်ကြီး စိုင်းအိုက်ပေါင်းက ပြောဖူးသည်။