သျှမ်းပြည်တောင်ပိုင်း နမ့်ဇန် မြို့နယ် ခိုလမ် အခြေစိုက် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် မှ စစ်ရေး လေ့ကျင့်ပေးရန် ၎င်းတို့ လက်အောက်ခံ ဌာနေ ပြည်သူ့စစ် တပ်ဖွဲ့များအား တစ်ဖွဲ့လျှင် လူသူ လက်နက် အင်အား ၆၀ ပေးပို့ရန် ဆင့်ခေါ် လိုက်သည်။
သျှမ်းပြည်တောင်ပိုင်း ရလခ စစ်တိုင်းရုံးလက်အောက်တွင် SSS ခေါ် ဦးမဟာကြာ ခေါင်းဆောင်သော ဟိုမိန်းဒေသပြည်သူ့စစ်အဖွဲ့၊ ဦးလောင်ကွန်း ခေါင်းဆောင်သော ကာလိပြည်သူ့စစ်အဖွဲ့၊ ဦးစိုင်းတ ဦးဆောင်သော နမ့်ဟူးဖရားထမ့်ပြည်သူ့စစ်အဖွဲ့၊ ဦးစိုင်းလူ ဦးဆောင်သော မတ်ကျိုင်းပြည်သူ့စစ်အဖွဲ့၊ ကျိုးဆန်း ဦးဆောင်သော နားရိုင်းပြည်သူ့စစ်အဖွဲ့ စသဖြင့် ရှိသည်။
“အခုက ကျနော်တို့ ကြားသိရတာ ကာလိ နဲ့ နမ့်ဟူးဖရားထမ့်ဆီ ရောက်တယ်စာက။ တခြားအဖွဲ့တော့ မသိသေးဘူး။ လူ ၆၀ လက်နက်အပြည့်အစုံနဲ့ ပို့ရမယ်။ စစ်သင်တန်းတစ်လကြာမယ် ပြောတယ်။ အဲဒါ ပြီးရင် ဝမ့်ဟိုင်းအဖွဲ့ကို တက်တိုက်ခိုင်းမယ်လို့ သတင်းထွက်နေတော့ ပို့ဖို့အတွက် ဆုံးဖြတ်ရခက်နေ တာ။ တက်မတိုက်ခိုင်းရင်တော့တမျိုး တက်တိုက်ခိုင်းရင် ဒုက္ခရောက်ကုန်မယ်။ တော်ကြာ ကိုယ့်လူတွေ ဟိုဘက်အကုန် ပြန်ဝင်ရင် ခက်ကုန်မယ်။ အဲဒါတအား စိုးရိမ်ရတယ်” - ဟု နမ့်ဇန်ရောက် ပြည်သူ့ စစ်ခေါင်း ဆောင် အသိုင်းအဝိုင်းတစ်ဦးက ပြောသည်။
မတ်ကျိုင်းပြည်သူ့စစ်အဖွဲ့တွင်မူ လူသူလက်နက်အင်အား သုံးဆယ်အား ဂျွန်လပိုင်းက နမ့်ဇန်မြို့ အခြေစိုက် တပ်ရင်း၌ ပင် တလကြာ စစ်သင်တန်းတက်ရကြောင်း၊ စစ်သင်တန်း ဆင်းလက်မှတ်လည်းရပြီး ဖြစ်ကြောင်း နမ့်ဇန်မြို့နေ နီးစပ်သည့်ပုဂ္ဂိုလ်တစ်ဦးကပြောသည်။
မြန်မာအစိုးရ တပ်မတော်သည် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား လက်နက်ဖြုတ် ပါတီထောင်ရန်ဖိအားပေးပြီး တဘက်တွင်လည်း တပ်မတော်အင်အားကြီးရန် ပြည်သူ့စစ်တပ်ဖွဲ့များ မွေးထုတ်ထားသည်။ လက်ရှိတွင် အစိုးရ တပ်မတော် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် က လက်အောက်ခံတပ်များအပြင် အောက်ပြည်မှ တပ်များအပါအဝင် တန့်ယန်းမြို့နယ် မန့်ကတ် ၌ စစ်သည်အင်အား တထောင်ခန့် လက်နက်ကြီးပစ်ခတ် စခန်းတက်သိမ်းသည့် စစ်လေ့ကျင့်နည်း များလေ့ကျင့်နေကြောင်း၊ သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့ တိုင်းဗဟိုသုံး စစ်လေ့ ကျင့်ရေးကျောင်းတွင်လည်း ထို့နည်းတူ လေ့ကျင့်မှုမျိုးပြုလုပ်နေကြောင်း နီးစပ်သည့် ပုဂ္ဂိုလ်များက ပြောသည်။