စကားလုံးများဖြင့် ဝေဝါးမနေသင့်တော့သည့် ငြိမ်းချမ်းရေး

စကားလုံးများဖြင့် ဝေဝါးမနေသင့်တော့သည့် ငြိမ်းချမ်းရေး
by -
မဇ္စျိမ

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်များက အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ညှိနှိုင်းရန် ခက်ခဲသည့် အချက်များနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းတွင် ပါရှိမည့် စကားလုံးများ၊ အသုံးအနှုန်းများကို ဆုံးဖြတ်ချက်ပေးရန် ကော်မတီတစ်ရပ်ကို တရုတ်-မြန်မာနယ်စပ် လိုင်ဇာတွင် ဇူလိုင်လ ၂၃ ရက်တွင် ဖွဲ့စည်းရန် ပြင်ဆင်နေသည်။

၂၀၁၀ ခုနှစ် ဦးသိန်းစိန်အစိုးရ တက်လာပြီးသည့်နောက် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတွင် ပါ၀င်နေကြသည့် တိုင်းရင်းသားလူငယ်များ ကိုင်စွဲထားသည့် လက်နက်များအစား၊ တစ်ကိုယ်ရေသုံး ကွန်ပျူတာများကိုသာ ကိုင်ဆောင်အသုံးပြုစေရန် ဆန္ဒရှိသည်ဟု သမ္မတဦးသိန်းစိန်က သူ၏အိပ်မက်ကို ထုတ်ဖော် ပြောဆိုထားသည်။

သမ္မတ၏ အန္တိမ ရည်မှန်းချက်သည် ငြိမ်းချမ်းရေးဆိုသော်လည်း တစ်နှစ်ကျော်သာ ကျန်တော့သည့် ဦးသိန်းစိန်အစိုးရ သက်တမ်းတွင် စစ်မှန်သည့် ငြိမ်းချမ်းရေး ရနိုင်ပါမည်လောဆိုသည်ကိုမူ စောကြောရန် လိုလာပါသည်။ အကြောင်းမှာ ၂၀၁၀ ခုနှစ် အစပိုင်းမှ ကချင်ဒေသတွင်း တိုက်ပွဲများ ပြင်းထန်နေချိန် သမ္မတက ပစ်ခတ်ခြင်း မပြုကြရန် ညွှန်ကြားချက်ထုတ်ထားခဲ့သော်လည်း ပြင်းထန်သည့်တိုက်ပွဲများ ဆက်လက် ဖြစ်ပေါ်ခဲ့ပြီး နှစ်ဖက်အကျအဆုံးများခဲ့သည့် သာဓကများ ရှိခဲ့သည်။

အလားတူပင် သုံးနှစ်ကျော်ကြာခဲ့ပြီဖြစ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက လည်း အပစ်အခတ်ရပ်စဲရေး ပထမမူကြမ်းသည်ပင် ၃၀ ရာခိုင်နှုန်းကျော် ညှိနှိုင်းမရသေးဘဲရှိနေသေးသည်ကို တွေ့ရမည်ဖြစ်သည်။

အဆိုပါ ၃၀ ရာခိုင်းနှုန်းသော ညှိနှိုင်းမရသည့်အချက်များနှင့် စကားလုံးများတွင် ဖက်ဒရယ်၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များစသည့် စကားလုံးများလည်း အပါအဝင်ဖြစ်သည်။ ဖက်ဒရယ်ဟူသည့် အသုံးအနှုန်းအတွက် ကာလရှည်ကြာ ညှိနှိုင်းခဲ့ရပြီး ယခုနှစ်မေလအတွင်း ဆွေးနွေးမှုပြီးမှသာ အစိုးရကိုယ်စားလှယ်တို့က လက်ခံခဲ့သည်ကို တွေ့ရှိရသည်။

အလားတူပင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များဟူသည့် အသုံးအနှုန်းအပေါ် အမြင်ကွဲပြားမှု သည်လည်း အပစ်ရပ်မူကြမ်း ချုပ်ဆိုနိုင်ရန် နှောင့်နှေးလျက်ရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့များဟူသည့် စကားစုပါ “တော်လှန်ရေး” ဟူသည့် အသုံးအနှုန်းကို သဘောမတွေ့ပေ။

ကျင်းပဆဲလွှတ်တော်တွင်လည်း တိုင်းရင်းသား လွှတ်တော်အမတ်တစ်ဦး၏ လွှတ်တော်အတွင်း ဆွေးနွေးမှုတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များဟု သုံးနှုန်းခဲ့ခြင်းကြောင့် လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ထိုသို့ မသုံးနှုန်းရန် သတိပေးခဲ့ခြင်းကြောင့် အစိုးရနှင့် လွှတ်တော်ဥက္ကဋ္ဌတို့၏ သဘောထားကို သိမြင်နိုင်သည်။

တိုင်းရင်းသားများဘက်ကမူ “လူမျိုးအတွက် အသက်ပေးပြီးတော့ လက်နက်ကိုင် တော်လှန်ရေးလုပ်လာခဲ့တဲ့ အနေအထားကို အသိအမှတ်ပြုစေချင်တယ်။ အဲ့ဒီ “တော်လှန်ရေး” ဆိုတဲ့ စကားလုံးကတော့ တစ်နေရာမဟုတ် တစ်နေရာပါသင့်တယ်”ဟု အပစ်အခတ်ရပ်စဲရေးမူကြမ်းကို ရည်ညွှန်းလျက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းက သဘောထားပေးသည်။

အပစ်အခတ်ရပ်စဲရေးတွင် ပါ၀င်မည့် အချက်များသည် တိကျရန်၊ သေချာရန်၊ ခိုင်မာရန် လိုအပ်မည်ဖြစ်သော် လည်း အထက်တွင် ဆိုခဲ့သော စကားစုများ၊ စကားလုံးများ၊ အသုံးအနှုန်းများကြောင့် ငြိမ်းချမ်းရေးကို နှောင့်နှေးမနေသင့်ကြောင်း မဇ္ဈိမက ရှုမြင်သည်။