သမ္မတကြီး တိုင်းပြည်ကို ဘယ်လို ပတ်ဝန်းကျင်မှာ ထားခဲ့မလဲ

သမ္မတကြီး တိုင်းပြည်ကို ဘယ်လို ပတ်ဝန်းကျင်မှာ ထားခဲ့မလဲ
by -
မဇ္စျိမ

အခုဆိုရင် သမ္မတဦးသိန်းစိန် တာဝန်ယူတာ သုံးနှစ်ကျော်ပါပြီ။ ပုံမှန်အားဖြင့်ဆိုရင် နောက်ထပ် သက်တမ်း တစ်နှစ်ခွဲကျော် ကျန်ပါတယ်။ သုံးနှစ်ကျော် သက်တမ်းအတွင်း သမ္မတဦးသိန်းစိန်အနေနဲ့ နိုင်ငံရေး၊ စီးပွားရေး ဖြေလျှော့မှုပေးခဲ့တာတွေ၊ စီးပွားရေး၊ လူမှုရေးကဏ္ဍတွေမှာ နိုင်ငံတကာမိသားစု ရင်ခွင်ထဲ ပြန်လည် ၀င်ရောက်ဖို့ ကြိုးစားခဲ့တာတွေအတွက် ချီးကျူးဂုဏ်ပြုခံရပါတယ်။

လက်ရှိမှာလည်း တိုင်းပြည်အတွက် အရေးအကြီးဆုံးလို့ ဆိုနိုင်တဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ရည်မှန်းချက်ကြီးကြီးနဲ့ အကြီးအကျယ်ကြိုးစားနေတာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး သမ္မတက သူ့ရဲ့ မိန့်ခွန်းမှာ အေးချမ်းတဲ့ လေသံနဲ့ စကားလေးတစ်ခွန်း ပြောခဲ့ပါတယ်။ လူငယ်တွေကို တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင် အနေအထားအောက်မှာ ရှင်သန်နိုင်ဖို့ အမွေတစ်ခု ပေးသွားချင်လို့ပါတဲ့။အလွန်ကောင်းမွန်တဲ့ စကားလုံးပါ။ လက်ရှိသမ္မတနဲ့ အစိုးရအဖွဲ့လုပ်ဆောင်နေတာတွေဟာ နောင်အနာဂတ် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးဆီကို ရှေးရှုနေပါရဲ့လား၊ သမ္မတရဲ့ ရည်မှန်းချက်တွေ ပြည့်မီနိုင်ပါ့မလားဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

တိုင်းပြည်တည်ငြိမ်အေးချမ်းတယ်ဆိုတာ လက်နက်ကိုင် တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသားတွေနဲ့ အပစ်ရပ်​နိုင်လိုက်ရုံ တစ်ခုတည်းနဲ့ ရနိုင်မှာတော့ မဟုတ်ပါဘူး။ လက်ရှိ ပြည်တွင်းမှာ ကြံုနေရတဲ့ အဓိကအကျဆုံး ပြဿနာကတော့ ဘာသာရေး၊ လူမျိုးရေးအမုန်းပွားမှုတွေကနေ အခြေခံပြီး ဖြစ်ပေါ်လာခဲ့တဲ့၊ ဖြစ်ပေါ်လာဦးမယ့် အကြမ်းဖက်မှု အန္တရာယ်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေအားလုံး အဲဒီအန္တရာယ်အပေါ်မှာ မလုံမခြံု နေထိုင်နေရတယ်ဆိုရင် မမှားပါဘူး။ တကယ်လို့များ သမ္မတဦးသိန်းစိန်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေနဲ့ တစ်တိုင်းပြည်လုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့ရင်တောင် အကြမ်းဖျင်းအားဖြင့် သေနတ်သံတွေ တိတ်ဆိတ်သွားနိုင်ခဲ့ရင်တောင် မြို့ပေါ်နဲ့ ကျေးလက်နေရာအနှံ့အပြားမှာတော့ ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အဓိကရုဏ်းတွေ၊ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေကတော့ ဖြစ်နိုင်ခြေရှိနေဦးမှာ ဖြစ်ပါတယ်။

လက်ရှိကိုပဲ တောင်ကြီးမှာ၊ ရခိုင်ပြည်နယ်မှာ ဟိုနေရာမှာ၊ သည်နေရာမှာ ထိန်းလိုက်ရပြန်ပြီ၊ တားလိုက်ရပြန်ပြီဆိုတာမျိုး ပုံမှန်လိုလို ကြားနေရပါတယ်။ မီးတောက် မီးလျှံကြီး ငြိမ်းသွားတာတော့ မဟုတ်ပါဘူး။ အဓိကအားဖြင့် ဒီပဋိပက္ခတွေ ပြေငြိမ်းသွားအောင်လုပ်ဖို့ တာဝန်ရှိတဲ့ အစိုးရဘက်က တိတိကျကျဆို ပြည်ထဲရေးဝန်ကြီးဌာနဘက်က ပြဿနာကို ပြေငြိမ်းသွားအောင် ဘာတစ်ခုမှ မလုပ်သေးလို့ပဲ ဖြစ်ပါတယ်။ တကယ်လုပ်ဆောင်တာတွေကလည်း မဆိုင်ရာကို လမ်းလွဲသွားအောင် လုပ်နေတာလည်း တွေ့ရပါတယ်။

အခုနောက်ဆုံး မန္တလေးဖြစ်စဉ်ကိုပဲ ကြည့်ပါ။ အစ္စလာမ်ဘာသာဝင်နှစ်ယောက်က အဓမ္မပြုကျင့်ပါတယ်ဆိုပြီး လိမ်လည် တိုင်ကြားတဲ့ အမျိုးသမီးကို သာမန်ပြစ်မှုကြောင်းအရမဟုတ်ဘဲ အဓိကရုဏ်းဖြစ်စေမှုအပါအဝင် ပုဒ်မငါးခုနဲ့ ရုံးတင်စစ်ဆေးမယ်လို့ ဆိုလာပါပြီ။ တကယ့်တကယ် မန္တလေးမှာ အဓိကရုဏ်း ဘာကြောင့်ဖြစ်လာရသလဲ၊ တစ်ဆင့်ချင်း တစ်ဆင့်ချင်း စနစ်တကျ လေ့လာသုံးသပ်ဖို့ လိုပါတယ်။

လိမ်လည်တိုင်တန်းတယ်၊ မီဒီယာတစ်ခုက စပြီး ဖော်ပြတယ်။ ရဟန်းပုဂိ်္ဂုလ်တချို့နဲ့ အဖွဲ့အစည်းတချို့က ဒီကိစ္စဆက်ပြီး စုံစမ်းတယ်။ တိုင်ကြားထားတာလေးကို ပုံကြီးချဲ့တယ်။ တကယ်ကျူးလွန်သယောင် မမှန်မကန်တွေ ၀ါဒဖြန့်တာမျိုး လှုံ့ဆော်ရေးသားတယ်။ အဖွဲ့အစည်းတချို့က ပုံကြီးချဲ့ကြေညာချက်ထုတ်တယ်။ လူတချို့က လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ အကြမ်းဖက်ဖို့ လှုံ့ဆော်ရေးသားတယ်။ တချို့က မြေပြင်မှာ အကြမ်းဖက်ဖို့ လှုံ့ဆော်တယ်။ တချို့က တကယ့်ကို အကြမ်းဖက် သတ်ကြဖြတ်ကြတယ်။ အဲဒီလို အဆင့်ဆင့်ရှိကြရာမှာ လီဆယ်တိုင်တန်းသူ အမျိုးသမီးတစ်ယောက်ကို ပြဿနာအားလုံး သူ့ကြောင့် ဖြစ်သယောင် ပုံချအရေးယူဖို့ လုပ်တာဟာ အရုပ်ဆိုး အကျည်းတန်လွန်းပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနဘက်က ဒီလိုလုပ်တာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ မိတ္ထီလာဖြစ်စဉ်၊ လားရှိုးဖြစ်စဉ်၊ ပဲခူးတိုင်း ဥက္ကံဖြစ်စဉ်၊ ရခိုင်ပြည်နယ် သံတွဲဖြစ်စဉ်၊ ရခိုင်ပြည်နယ် စစ်တွေဖြစ်စဉ်လို ဖြစ်စဉ်တိုင်းမှာ ဒီပုံစံအတိုင်း တစ်ထပ်တည်း အရေးယူခဲ့တာချည်းပဲဖြစ်ပါတယ်။ ကနဦး မတော်တဆဖြစ်စဉ်မှာ ပါ၀င်သူတွေကို ပုဒ်မတွေ အကြီးအကျယ်တပ်ပြီး အရေးယူခဲ့တာချည်း ဖြစ်ပါတယ်။ ရွှေဆိုင်ကိစ္စ စကားများ ရန်ဖြစ်တာဟာ အဓိကရုဏ်းကြီးဖြစ်ကြ၊သတ်ကြဖြတ်ကြတော့လို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်ခဲ့ ဖြစ်ခဲ့ကြတာမဟုတ်ပါဘူး။ အလားတူကိုရင်လေးကို မတော်တဆ ထိမိတိုက်မိတာကလည်း အဓိကရုဏ်းဖြစ်လာအောင် တမင်ရည်ရွယ်တာ မဟုတ်ပါဘူး။ ဆိုင်ကယ်ပါကင်ကိစ္စ စကားများတာဟာ အဓိကရုဏ်းကြီးတွေ ဖြစ်လာအောင် ကြိုတင်အကွက်ချကြံရွယ်ပြီး လုပ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ ကျူးလွန်ခဲ့တဲ့ ပစ်မှုတွေနဲ့ မလျော်ညီတဲ့ပုဒ်မ အတပ်ခံရ၊ ပြစ်ဒဏ်ချ အရေးယူတာ ခံကြရပါတယ်။

တကယ့်တကယ် တရားခံအစစ်တွေ ဖြစ်တဲ့ အမုန်းတရားဖြန့်ဖြူးသူတွေ၊ အကြမ်းဖက်ဖို့ နည်းပေါင်းစုံနဲ့ လှုံ့ဆော်သူတွေ၊ တကယ် အကြမ်းဖက်သူတွေကတော့ ကောင်းကောင်းအရေးယူ မခံရပါဘူး။ အမုန်းတရား ဖြန့်ဖြူးသူတွေကတော့ ဒီနေ့ချိန်ထိ လက်ဖျားနဲ့တောင် အတို့မခံရပါဘူး။ ဒါကြောင့်လည်း မြန်မာနိုင်ငံ လူမှုပတ်ဝန်းကျင်မှာ အမုန်းတရားတွေ လျော့နည်း ပပျောက်သွားတာ မရှိသလို တိုးတိုးပြီးသာ ပေါ်လာနေပါတယ်။ မြန်မာပြည်ထဲက လူနည်းစု အစ္စလာမ်ဘာသာဝင်တွေ အပါအဝင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာဝင်တွေလည်း မတည်ငြိမ်တဲ့ ပတ်ဝန်းကျင်တစ်ခုမှာ နေနေရသလို ခံစားရစေပါတယ်။

အကြောင်းကတော့ သာမန်မတော်တဆမှုလေးကနေ၊ သာမန်ရာဇဝတ် မှုခင်းတစ်ခုခုကနေ ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုကြီး အချိန်မရွေး ဖြစ်ပွားလာနိုင်ခြေရှိနေလို့ပဲ ဖြစ်ပါတယ်။

ခုအတိုင်း အစိုးရနဲ့ ပြည်ထဲရေး လုပ်ပုံကိုင်ပုံ သဘောထား မပြောင်းလဲဘူးဆိုရင် သမ္မတဦးသိန်းစိန် အနားယူပြီး နဂါးမောက်သီးစိုက်ပျိုးရင်း အေးအေးချမ်းအနားယူသွားရင်တောင် မြန်မာနိုင်ငံသားတွေဟာ မတည်ငြိမ်၊ မအေးချမ်း၊ တစ်ဦးနဲ့တစ်ဦး အမုန်းတရားလွှမ်းတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်သွားကြရပါလိမ့်မယ်။ ဒါကြောင့် သမ္မတဦးသိန်းစိန်အနေနဲ့ အနားမယူခင် တိုင်းရင်းသားတွေကိုတင်မက၊ မြို့ပြ ကျေးလက်နေ ပြည်သူတွေကိုပါ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်မှာ ထားခဲ့ရစ်နိုင်အောင် ကြိုးစားပေးပါ။ ဒါကို ပြည်ထဲရေးဝန်ကြီးဌာနက စိတ်မပါ၊ အကောင်အထည်မဖော်ဘူးဆိုရင် အကောင်အထည်ဖော်လာအောင် တပ်မတော်ခေါင်းဆောင်တွေကို စည်းရုံး၊ လမ်းညွှန်ပေးပါလို့ တောင်းဆိုပါတယ်။

Most read this week