မဲဆန္ဒရှင်စာရင်း ရှေ့ပြေးကောက်ရာတွင် မဲစာရင်းများ မှားယွင်းမှုများ ဖြစ်ပေါ်နေ

မဲဆန္ဒရှင်စာရင်း ရှေ့ပြေးကောက်ရာတွင် မဲစာရင်းများ မှားယွင်းမှုများ ဖြစ်ပေါ်နေ
by -
မဇ္စျိမ

၂၀၁၅ ရွေးကောက်ပွဲအတွက် အခြေခံ မဲဆန္ဒရှင်စာရင်း ရှေ့ပြေးစမ်းသပ်ကောက်ယူရာတွင် မဲစာရင်းများ၌ မွေးသက္ကရာဇ် မပါ၀င်ခြင်း၊ မှတ်ပုံတင် မပါရှိခြင်းနှင့် တိုင်းရင်းသားများ၏ နာမည်လွဲမှားမှုများ ရှိနေသည်ဟု မဲစာရင်း အသိပညာပေးအဖွဲ့ The Fernity Initative မှ ပြန်ကြားရေးတာဝန်ခံ ဦးသန်းဌေးက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ရှေးပြေးမဲဆန္ဒရှင်စာရင်း ကောက်ယူမှုတွင် အရပ်ဘက်အဖွဲ့စည်းများမှ အဖွဲ့ဝင်များက တစ်မြို့နယ်လျှင် လူဦးရေ ၅၀ ကျော်ဖြင့် ဆောင်ရွက်နေပြီးလက်ရှိ ချင်းပြည်နယ်တွင် ကောက်ယူမှုစာရင်းများအရ မှတ်ပုံတင် မရှိသူ၊ မွေးသက္ကရာဇ် မှားယွင်းနေမှုတို့ကို တွေ့ရှိရခြင်းဖြစ်သည်။

ဦးသန်းဌေးက “တီးတိန်ဘက်မှာ မွေးရာပါ နိုင်ငံသားတွေဖြစ်ပြီး မှတ်ပုံတင် မရှိသေးတာတွေ ထုတ်ပေးဖို့ အစိုးရဘက်က ၂၀၁၄ ကြားဖြတ်အမီ ထုတ်ပေးဖို့ လိုပါတယ်။ မဲစာရင်းအထပ်လိုက်ကြီးကို ချိတ်ထားတာကလည်း ကြည့်တဲ့သူတွေ အခက်အခဲရှိနေတယ်။ နာမည်တွေကို ပွိုင့်အသေးစာလုံးတွေရိုက်ထားတာ သက်ကြီးပိုင်း မဲဆန္ဒရှင်တွေ မမြင်ရတာတွေရှိတယ်” ဟု ပြောသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် တချို့ ရွာများ၌ ရှေးရိုးစွဲအယူအဆများကြောင့် မဲဆန္ဒထည့်သွင်းရန် ငြင်းဆန်မှုများ ရှိနေသည်ဟု ပြောသည်။

ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် အခြေခံ မဲဆန္ဒရှင်ပေါင်း သုံးသောင်းရှိပြီး ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ဆက်လက်ကောက်ယူ စာရင်းသွင်းလျက်ရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က “လတ်တလောမှာ အသက် ၁၈ နှစ်ပြည့်တဲ့သူကို ဦးစားပေး ကောက်ယူနေတာပါ။ မှတ်ပုံတင်မရှိပေမယ့် သူ့အသက် မှန်ကန်ကြောင်းကို လဝက ထောက်ခံစာနဲ့ ထည့်သွင်းမဲပေးလို့ ရပါတယ်။ တိုင်းရင်းသားနာမည်တွေ မှားတာမရှိအောင် မြန်မာဘာသာနဲ့အပြင် အင်္ဂလိပ်ဘာသာနဲ့ ရေးသားထည့် သွင်းမှာပါ”ဟု ပြောသည်။

ရှေးပြေးမဲဆန္ဒရှင်စာရင်း ကောက်ယူခြင်းကို ချင်းပြည်နယ်တွင် တီးတိန်နှင့် ရန်ကုန်တိုင်းတွင် အလုံတို့၌ မေလ ၂၁ ရက်မှ စတင်ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် အသက် ၁၈ နှစ်ပြည့်မီသည့်သူ အမည်များကို စမ်းသပ်မဲဆန္ဒ ရှင်စာရင်းတွင် ထည့်သွင်းကောက်ယူနေခြင်းဖြစ်သည်။

Most read this week