တိုင်းရင်းသားထိပ်သီးအစည်းအဝေး တက်ရောက်မည့် ခေါင်းဆောင် ၅ဝကျော် လိုင်ဇာရောက်ပြီ

တိုင်းရင်းသားထိပ်သီးအစည်းအဝေး တက်ရောက်မည့် ခေါင်းဆောင် ၅ဝကျော် လိုင်ဇာရောက်ပြီ
by -
မဇ္စျိမ

ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ ဌာနချုပ်တွင် ကျင်းပမည့် တိုင်းရင်းသားခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ခေါင်းဆောင် ၅ဝ ကျော်သည် ဇူလိုင်လ ၂၁ ရက်တွင် ကချင်လွတ် မြောက် ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့သို့ ရောက်ရှိနေပြီဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဦးလမိုင်ဂွမ်ဂျာက မဇ္စျိမကို ပြောသည်။

“ ကျွန်တော်တို့ အားလုံးက ၅၂ ဦးရှိတယ်။ မြစ်ကြီးနားကနေ ၁ နာရီမှာ ထွက်လာတာ ဒီမှာ ၅ နာရီလောက်မှာ လိုင်ဇာရောက်တယ်။ အခက်အခဲဘာမှ မရှိဘူး။ ညနေပိုင်း ပဒန်ခန်းမမှာ ကေအိုင်အိုက ဥက္ကဋ္ဌနဲ့ ကော်မတီဝင် တွေနဲ့ တစ်ဦးချင်း မိတ်ဆက်တယ်။ ဒီလောက်ပဲ”ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

22jl10

ယခုကျင်းပမည့် တတိယအကြိမ် တိုင်းရင်းသားခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးမှုတွင် အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ(UPWC) နှင့် NCCT တို့ ရေးဆွဲထားသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဒုတိယမူကြမ်းအား ပြန်လည် သုံးသပ်ကြမည်ဖြစ်သည်။

ဇူလိုင် ၂၂ရက်တွင်လည်း ကျန်ရှိနေသော တိုင်းရင်းသားခေါင်းဆောင် ၁ဝ ဦးကျော် ထပ်မံ ရောက်ရှိလာ မည်ဖြစ်ပြီး ၎င်းတို့နှင့်အတူ ပြည်တွင်းမှ သတင်းထောက်များလည်း လိုက်ပါလာမည်ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။ ထို့ပြင် ယခင်တက်ရောက်ခြင်း မရှိသော တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များလည်း တက်ရောက်မည်ဟု သူကဆိုသည်။

တိုင်းရင်းသားခေါင်းဆောင်များကို လိုင်ဇာမြို့ရှိ ကေအိုင်အို ဝန်ထမ်းများ၊ မြို့ခံ ပြည်သူလူထုနှင့် ကျောင်းသူ ကျောင်းသား စုစုပေါင်း ၂ဝဝဝ ခန့်က ကချင်ရိုးရာသီးဝိုင်း သံစုံဖြင့် သီးချင်းများ သီဆိုကာ ကြိုဆိုခဲ့ကြသည်ဟု KIO ၏ ဒုက္ခသည်များ ကူညီရေးကော်မတီမှ တာဝန်ခံ အရပ်ဘက် အရာရှိ ဦးဒွဲပီဆာက ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၃ဝ မှ နိုဝင်ဘာလ ၂ ရက်အထိ လိုင်ဇာမြို့တွင် တိုင်းရင်းသားခေါင်း ဆောင်များ အစည်းအဝေးကို ပထမဆုံးအကြိမ်ကျင်းပ၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်း ၁၆ ဖွဲ့ဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ကို စတင်ဖွဲ့စည်းခဲ့သည်။

၂ဝ၁၄ ခုနှစ် ဇန်နဝါရီလအတွင်းက ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေ လောခီးလာတွင် ဒုတိယ တိုင်းရင်းသားခေါင်းဆောင်များ၏ ညီလာခံ ကျင်းပခဲ့ခြင်းဖြစ်သည်။